နေပြည်တော် မတ် ၂၅
မကွေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများကို ဝက်ကျွေးသည့်ဆန်များ ချက်ကျွေးနေသည်ဟု DVB TV News Facebook Page က မတ် ၂၀ ရက်တွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးဗဟိုအကျဉ်းထောင် တာဝန်ရှိသူက ရိက္ခာဆန်လုံလောက်မှုရှိပြီး ဝက်ကျွေးသောဆန်ကို ချက်ပြုတ်ကျွေးမွေးသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ အကျဉ်းသား အကျဉ်းသူများကို သတ်မှတ်ရိက္ခာနှုန်းထားများအတိုင်း အပြည့်အဝချက်ပြုတ် ကျွေးမွေးလျက်ရှိကြောင်း၊ အကျဉ်းသားများ စားသုံးမည့်ဆန်ကို အဖွဲ့ဖြင့် စနစ်တကျ တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီမှဆန်လာပို့ပါက ရိက္ခာဆန်လက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ စိစစ်လက်ခံပြီးမှ ချက်ပြုတ်ကျွေးမွေးလျက်ရှိကြောင်း ပြောကြားသည်။
မကွေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား အကျဉ်းသူများအား ဝက်ကျွေးသည့်ဆန်များ ချက်ပြုတ်ကျွေးနေသည်ဟူသည့် DVB TV News Facebook Page ၏ ရေးသားဖော်ပြမှုသည် ဌာန၏ဂုဏ်သိက္ခာ ထိခိုက်စေလိုသည့်သဘောဖြင့် မဟုတ်မမှန်လိမ်ညာရေးသားထားခြင်း ဖြစ်သည့်အပြင် ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် အဖျက်အမှောင့်ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြထားခြင်းဖြစ်သည်။
ရွှေရည်