Skip to main content

(၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်သို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်

ဆိုချီ မတ် ၂၅

(၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ကျင်းပသည်။

တက်ရောက်

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ အစိုးရအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ နျူကလီးယားဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဖိုရမ်ဖွင့်ပွဲတွင် Rosatom ၏ Director General ဖြစ်သူ Alexey Likhachev က အမှာစကား ပြောကြားပြီး ဖိုရမ်ကိုဖွင့်လှစ်ပေးသည်။

ထို့နောက် အဆိုပါဖိုရမ်၏ မျက်နှာစုံညီအစည်း အဝေးကို “Empowering Clean Future” ခေါင်းစဉ်ဖြင့် ကျင်းပသည်။

ယင်းဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးနှင့် စကားဝိုင်းဆွေးနွေးပွဲများတွင် နျူကလီးယား စွမ်းအင်အခြေခံသည့် တီထွင်ဆန်းသစ်မှုများ၊ ကာဗွန်ထုတ်လွှတ်မှုလျော့ကျရေး အစီအစဉ်များ၊ စဉ်ဆက်မပြတ်စွမ်းအင်ရရှိရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်မျိုးဆက် သဟဇာတဖြစ်မှု၊ Atomic Energy ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာများ၊ နျူကလီးယားနည်းပညာများနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုဆောင်ရွက်နေမှုများ၊ နျူကလီးယားနည်းပညာကို သုတေသနလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစသည့်ကဏ္ဍများတွင် အသုံးပြုမှုအခြေအနေများ၊ စွမ်းအင်များကို အကျိုးရှိရှိ ထိရောက်စွာ ထုတ်လုပ်မှုများ၊ နျူကလီးနည်းပညာ၏ လူသားနှင့်ပတ်ဝန်းကျင်အပေါ် မထိခိုက်စေဘဲ အကျိုးပြုမှုများ၊ လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများအပြင် အခြားတီထွင်ဆန်းသစ်မှု အခြေအနေများနှင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား စက်မှုလုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များ၏ နောက်ဆုံးပေါ်အောင်မြင်မှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဖိုရမ်၌ နျူကလီးယား နည်းပညာအခြေခံသည့် စက်မှုလုပ်ငန်းဆိုင်ရာ ခေတ်မီပြခန်းများနှင့် ပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊ ဒစ်ဂျစ်တယ်ကဏ္ဍ၊ သိပ္ပံပညာကဏ္ဍနှင့် ပညာရေး ကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် Generation IV နျူကလီးယား နည်းပညာများကို မိတ်ဆက် ခင်းကျင်းပြသထားကြောင်း သိရသည်။

သတင်းစဉ်