ရန်ကုန် မတ် ၂၅
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသော အားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ထောက်ခံခြင်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၏ အပျော်တမ်းခြင်းလုံး အလှခတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA ရုံး၌ကျင်းပသည်။
ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ YMBA(ဗဟို)စာရင်းစစ်နှင့် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဌေးဦးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲနှင့် အပျော်တမ်း ခြင်းလုံး အလှခတ်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းက ယနေ့ကာလသည် တပ်မတော်အနေဖြင့် တို့တာဝန်အရေး(၃)ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်သွေးချွေးများစွာပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်နေရသော အချိန်ကာလဖြစ်ပါကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း တို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်အင်အားရှိ ရန်လိုအပ်ပါကြောင်း၊ တပ်မတော် အင်အားရှိရန်အတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ၁၉၅၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ပြန်လည်ပြင်ဆင်သတ်မှတ် ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေဖော်ဝါရီ ၁၇ ရက် ရွှေတိဂုံစေတီတော်ကုန်းမြေ အတွင်းရှိ YMBA ဗဟိုသို့လာရောက်သည့် ခရီးစဉ်တွင် YMBA အသင်းအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြည်သူလူထုနှင့်လူငယ်များ သဘောပေါက် နားလည်စေရေး ဆွေးနွေးဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသဖြင့် မိမိအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ သွားရောက်ကာ ထပ်ဆင့်ရှင်းလင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးပြောကြားခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဦးဌေးလင်းက ဂုဏ်ပြုစကားပြော ကြားသည်။
ဆက်လက်၍ YMBA(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများက ရှေးမြန်မာတို့၏ ခြင်းလုံးအလှ ခတ်ခြင်းနှင့်ခြင်းလုံးအလှခတ်အသင်းများမှခြင်းလုံးအလှခတ်ပြသခြင်းတို့ကိုကြည့်ရှုအားပေးကြပြီးအားကစားသမားများအား ဂုဏ်ပြုနှုတ်ဆက်ကြသည်။
ထို့နောက် YMBA(ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခြင်းလုံးအလှခတ်အသင်း ကိုးသင်းအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ကိုကိုဇော်-သတင်းစဉ်