Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာနှင့် ခရီးသွားလာခွင့်ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင် ရွက်ပေးမှုအခြေအနေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားနေသည့် AA သောင်းကျန်းသူများ၏ အကြမ်းဖက်ဖြစ်စဉ်တိုက်ပွဲများကြောင့် ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှဝန်ထမ်းများစစ်တွေ မြို့သို့ ယာယီရွှေ့ပြောင်းနေရာချထားနိုင်ရေးနှင့် ၎င်းတို့အနက် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ထားသည့် ကုလသမဂ္ဂ ဝန်ထမ်းများအနေဖြင့် ယာယီရွှေ့ပြောင်း နေရာချထားရန် ဆောင်ရွက်ရမည့် နည်းလမ်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုနှင့် ပြန်လည် လက်ခံရန် ကြန့်ကြာအောင် ဆောင်ရွက်သည့် AA သောင်းကျန်းသူများ၏ ဆောင်ရွက်ချက်များ၊ လက်ရှိအခြေအနေတွင် ယင်းဒေသများ၌ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် လုပ်ငန်းများ ရပ်တန့်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော် အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်