Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ် အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၂၅

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျေးလက် ကျန်းမာရေးဌာနခွဲ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ အောင်သာကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအားအမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပေးကာ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ဒေသအတွင်း၌ရှိသည့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက
အောင်သာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက အောင်သာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် ရက်ကန်းစင်တောင်တော် ဓမ္မ ပါလကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ တေဇိန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ထားရှိမှု သရုပ် ပြအခမ်းအနားကို တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နေပြည်တော် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရာဇဌာနီလမ်းဘေး ဝဲ/ယာ တစ်လျှောက်နှင့် ပင်လောင်းလမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများက နွေသီးနှံစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ထားမှု အခြေအနေများနှင့် စိုက်ပျိုးရေပေးဝေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်