Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တို့၌ ကျောင်းသားများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံရှိ စာမေးပွဲခန်းများတွင် အင်ဂျင်နီယာ ဘာသာရပ်နှင့် သင်တန်းနှစ်များအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လက်တွေ့ခန်းများနှင့် ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် နည်းပညာရှင်များကို အရည်အသွေး စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေပြည်တော် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးရာ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ၏ ဖြေဆိုမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် လက်တွေ့ခန်းများတွင် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ဖြည့်စွက်မှာကြားသည်။

စဉ်ဆက်မပြတ်လေ့လာ

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းကာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု နောက်ကျမကျန်ခဲ့ရအောင် စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ကြရန်၊ ပြည်သူများအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးတို့အတွက် အရည်အသွေးများကို အစဉ် ဆန်းစစ်၍ မြှင့်တင်ကြရန်၊ တိုင်းကျိုးပြည်ပြု သုတေသနများဖြင့် ရှင်သန်သက်ဝင်ကာ Ranking မြင့် သုတေသနအခြေပြု တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်သူများက ယုံကြည်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်း မှာကြားကြောင်း သိရသည်။

သတင်းစဉ်