Skip to main content

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

ဘားအံ မတ် ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ကရင်ပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူး၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းကျောင်း ဆရာတော် ဘဒ္ဒန္တခန္တီဝဏ္ဏ၊ ပြည်နယ်ဩဝါဒါ စရိယ ဇွဲကပင်တောင်ကျောင်း ဆရာတော်ဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ထေရ်ကြီးဝါရ်ကြီးဆရာတော်ကြီးများနှင့် ဘွဲ့ခံဆရာတော်/သီလရှင်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာတော်ကြီးများ၏ တပည့်၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနားသီချင်းဖြင့် ဘွဲ့ခံဆရာတော်များအား ပူဇော်ကာနိုင်ငံတော်ဩဝါဒါစရိယ လှိုင်းဘွဲမြို့နယ် ဥဒေါင်းကျောင်းဆရာတော် ဘဒ္ဒန္တခန္တီဝဏ္ဏထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ပြည်နယ်ဩဝါဒါစရိယဇွဲကပင် ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇက သမ္မောဒနိယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့သည် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ကြွရောက်ချီးမြှင့်တော်မူသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မြဝတီမြို့မြသုခ(၂၇၅) တပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တပညာနန္ဒထံဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒရထံဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သံတောင်မြို့ မြို့တော်ဦး ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်ဘဒ္ဒန္တသီလာစာရထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘားအံမြို့နယ် နောင်ကမြိုင်ကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ကံ့ကော်တစ်ထောင် သိဒ္ဓိအောင်ဘေးမဲ့ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသိဒ္ဓိထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးဦးစန်းကိုက ကမ္မဋ္ဌာနာစရိယ ဘွဲတံဆိပ်ရ မြဝတီမြို့နယ် တေဇစက္ကီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇာဂရထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်ရ မြဝတီမြို့နယ် ပုညာရာမသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဩဘာ သီထံဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့သည် မြဝတီမြို့နယ် မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ကြွရောက်ချီးမြှင့်တော်မူသော အထူးပင့်သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့် ဘွဲ့ခံသီလရှင် ဆရာကြီးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကို မွန်းလွဲ ၃ နာရီခန့်က အဆိုပါစေတီတော် တည်နေရာ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်ပြည်သူများက ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၈၁၅ ပါး၊ သီလရှင်ကျောင်း ၁၄ ကျောင်း မှ သီလရှင် ၅၆၈ ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၂၃၈၃ ပါးတို့အား ဆွမ်းဆန်တော်၊ ခေါက်ဆွဲ ခြောက်၊ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းဆေး အမျိုးမျိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

သတင်းစဉ်