Skip to main content

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြို့ဇလုပ်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်

နေပြည်တော် မတ် ၂၅

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြို့ဇလုပ်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကုန်ထုတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးသည်။

အစီအစဉ်အရ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နှင့်မြို့ပြများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနင့် ဆင်းရဲမှုလျှော့ချနိုင်ရေးတို့အတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီးဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ် များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်‌ပေးလျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက် မှုမဟာဗျူဟာများ၏ ရည်မှန်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းစဉ် တစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့ ဖွင့်လှစ်ပေးသည့် ပြောင်ခေါင်းကြီး ကျေးရွာအုပ်စုကြို့ဇလုပ်ကျေးရွာ ကုန်ထုတ်လမ်းမှာ မြေသားနှင့် ရိစာလမ်းဖြစ်ပြီး ၆ ဖာလုံ ရှည်လျားကာ Slab Culvert တစ်စင်း၊ ရေကျော်တစ်စင်းတို့ ပါဝင်ပြီး စိုက်ပျိုးမြေ ဧက ၂၅၀ ကျော်ကို အကျိုးပြုမည့် ကုန်ထုတ်လမ်း ဖြစ်ကြောင်း၊ ထို့ပြင် ပေ ၄၀၀ - ၄ လက်မ စက်ရေတွင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံခြံစည်းရိုးကာရံခြင်းတို့ကိုလည်း ဆောင်ရွက်ပေးထားပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်၊ မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ်များ မွေးမြူကြပြီးကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန်၊ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် အကျိုးရှိရှိအသုံးပြုကြရန်၊ လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်က နေပြည်တော်ကောင်စီအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာ သားများကိုယ်စားကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ဒေသခံကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

သတင်းစဉ်