နေပြည်တော် စက်တင်ဘာ ၄
မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် OneMap Myanmar နည်းပညာ ဆိုင်ရာ အဖွဲ့တို့၏ 5th MEITI Report ပါ အချက် အလက်များအတွက် Web Application တည်ဆောက်ခြင်း ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက OneMap Myanmar စီမံကိန်းသည် အစိုးရဌာနအဖွဲ့ အစည်းနှင့် ပြည်သူလူထုမှ မြေအပါအဝင် အခြားသဘာဝ သယံဇာတဆိုင်ရာ သတင်းအချက်အလက်များကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ရန်၊ အသုံးပြုနိုင်ရန်နှင့် မှန်ကန်သော မြေယာစီမံအုပ်ချုပ်မှုများ အထောက် အကူပြု နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် ထုတ်ပြန်သည့် သတ္တု ကဏ္ဍဆိုင်ရာ 5th MEITI Report ပါ အချက်အလက်ဇယားများမှ လုပ်ကွက်များ၏ တည်နေရာများ အခြေခံ၍ OneMap Myanmar အဖွဲ့က GIS data များအဖြစ် ပြောင်းလဲခဲ့ ပါကြောင်း၊ အချက် အလက် ဇယားများဖြင့် ဖော်ပြခြင်းထက် မြေပုံများဖြင့် ဖော်ပြခြင်းက အားသာချက်များ သာရှိသကဲ့သို့ အားလုံးကြည့်ရှုနိုင်မည့် Web Application အဖြစ် ဆောင်ရွက်ခြင်းက ပို၍အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ယင်းနောက် One Map Myanmar စီမံကိန်းမှ တာဝန်ရှိသူများက 5th MEITI Report အရ လက်ရှိတွင် OneMap Myanmar သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ၊ ပုလဲလိုင်စင်ဧရိယာများ၊ သတ္တုတွင်းလိုင်စင် ဧရိယာများနှင့် ကျောက်စိမ်းနှင့် ကျောက်မျက် မြို့နယ်များ စသည့်အချက်အလက်များအတွက် GIS data များ တည်ဆောက်ပြီး ဖြစ်ပါကြောင်း၊ GIS data များ တည်ဆောက်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ တိကျခိုင်မာရေးစစ်ဆေးခြင်း၊ ဌာနများမှ အတည်ပြုပေးခြင်း၊ Validation Process ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အချိန်လိုအပ်ချက်ရှိပါ၍ ယခု လတ်တလော တည်ဆောက်ပြီး 5th MEITI Report အခြေခံ GIS data အပေါ် ဆန်းစစ်ရန် အခက်အခဲရှိနိုင်သည့်အတွက် လာမည့် ၂၀၂၁ တွင် ထုတ်ပြန်မည့် 6th MEITI Report တွင် ဖော်ပြမည့် အချက်အလက်များအား ကြိုတင်စစ်ဆေး ဆောင်ရွက်သင့်ပါကြောင်း၊ အထက်ဖော်ပြပါ အချက် အလက်(၄)မျိုးအတွက် GIS data များ တည်ဆောက်ရာတွင် လိုအပ်သော နည်းပညာပိုင်းအတွက် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ယခု လတ်တလောတည်ဆောက်ပြီး 5th MEITI Report အခြေခံ GIS data များအား MEITI Concession Explorer အဖြစ် Web Application တည်ဆောက်ထားပါကြောင်း၊ အဆိုပါ Web Application ကို ထုတ်ပြန်နိုင်မည်ဖြစ်သော်လည်း မည်သို့စတင်ဆောင်ရွက်သင့်သည်ကို လမ်းညွှန်မှုပြုစေလို ပါကြောင်း တင်ပြကြ သည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ အရာ ထမ်းများ တက်ရောက်ခဲ့ပြီး OneMap Myanmar စီမံကိန်းမှ CTA Dr. Henri Rueff ၊ Land Core Group မှ Executive Director ဦးရွှေသိန်းနှင့် OneMap Myanmar စီမံကိန်းမှ တာဝန်ရှိသူများက Vedio Conferencing ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်