Skip to main content

ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၅

ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄) ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံသားတိုင်းသိရှိလိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေကို မြန်မာ တစ်နိုင်ငံတည်းတွင်သာ ထူးခြားပြီး ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်း၍ ကျင့်သုံးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန် အကျုံးဝင်သည့် လူဦးရေ ၁၃ သန်းခန့်ရှိပြီး အမျိုးသားအင်အား ခြောက်သန်းကျော် အနက် ၁ ရာခိုင်နှုန်းဖြစ်သော ခြောက်သောင်းခန့်သာ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ပြီးပါက ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်ခြင်း၊ အလုပ်အကိုင်ရရှိခြင်း စသည့်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း။

ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို သေချာစွာ လေ့လာ၍ တိုင်းရင်းသားပြည်သူများ လိုက်နာနိုင်ရေးအတွက်လည်း လက်ဆင့်ကမ်း အသိပညာပေး ရှင်းလင်းပြောကြားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် အမျိုးသားရေးတာဝန်(၃)ရပ်ကို လိုက်နာရန်တာဝန်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုကာလတွင် မိမိတို့ပတ်ဝန်းကျင်ရှိ တာဝန်ထမ်းဆောင်ကြရမည့် တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ဝေမျှပြီး နိုင်ငံတော်၏ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်များ၊ လျာထားစီမံချက်၊ ကင်းလွတ်ခွင့်ရှိသူများ၊ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ သတ်မှတ်ကာလ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရသည့် အကြောင်းအရင်း၊ စစ်မှုထမ်းစနစ်နှင့်စပ်လျဉ်း၍ ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်း အတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ အခန်း (၈)ခန်းကို ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်