Skip to main content

(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံခြင်းနှင့် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း YMBA (ဗဟို)၏ အပျော်တမ်းခြင်းလုံးအလှခတ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၂၅

(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံခြင်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ၏ အပျော်တမ်းခြင်းလုံး အလှခတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA ရုံး၌ ကျင်းပသည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ YMBA (ဗဟို)စာရင်းစစ် နှင့် ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးဌေးဦးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲနှင့် အပျော်တမ်းခြင်းလုံး အလှခတ်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းက ယနေ့ကာလသည် တပ်မတော်အနေဖြင့် တို့တာဝန်အရေး(၃)ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် အသက်သွေး ချွေးများစွာ ပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်နေရသော အချိန်ကာလဖြစ်ပါကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း တို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်အင်အားရှိရန် လိုအပ်ပါကြောင်း၊ တပ်မတော်အင်အားရှိရန်အတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ၁၉၅၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ဖေဖော်ဝါရီ ၁၇ ရက် ရွှေတိဂုံစေတီတော်ကုန်းမြေအတွင်းရှိ YMBA ဗဟိုသို့ လာရောက်သည့် ခရီးစဉ်တွင် YMBA အသင်းအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြည်သူလူထုနှင့်လူငယ်များ သဘောပေါက် နားလည်စေရေး ဆွေးနွေးဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသဖြင့် မိမိအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွားရောက်ကာ ထပ်ဆင့်ရှင်းလင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ပြောကြားခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဦးဌေးလင်းက ဂုဏ်ပြုစကား ပြောကြားသည်။

ဆက်လက်၍ YMBA (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့်တာဝန်ရှိသူများက ရှေးမြန်မာတို့၏ ခြင်းလုံးအလှခတ်ခြင်းနှင့် ခြင်းလုံးအလှခတ်အသင်းများမှ ခြင်းလုံးအလှခတ်ပြသခြင်းတို့ကို ကြည့်ရှုအားပေး ကြပြီး အားကစားသမားများအားဂုဏ်ပြုနှုတ်ဆက်ကြသည်။

ထို့နောက် YMBA (ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခြင်းလုံးအလှခတ် အသင်းကိုးသင်းကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ကိုကိုဇော် - သတင်းစဉ်