နေပြည်တော် မတ် ၂၅
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက် ဒေသဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများသည် ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံနေသောကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမှာ အဓိကအရေးကြီးသည့်အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများ လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် ရည်မှန်းချက်များ၊ ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်သည့် “ရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား” သည် တံတားအရှည်ပေ ၈၄၀ ၊ တံတားအကျယ်ပေ ၂၀ ၊ လူသွားလမ်းတစ်ဖက် တစ်ပေစီရှိပြီး သံကူ ကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မ တပ်ဆင်အသုံးပြုထားသည့် တံတားအမျိုးအစား ဖြစ်ပါကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် ၃၆ တန် အထိ ဖြတ်သန်းအသုံးပြုသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်ထားသည့် ကျေးလက်လမ်း၊ တံတား များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဒေသခံ ပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြရန်တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံတားကြီးတည်ဆောက်နိုင်မှုကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ အေးချမ်းသာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာ၊ ဆနွင်းအိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာနှင့် ကျေးလက်ဒေသနေ ပြည်သူများ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နေပြည်တော်၊ လယ်ဝေးမြို့၊ ပျဉ်းမနားမြို့နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ အချိန်မရွေး သွားလာနိုင်မည်ဖြစ်သည့်အပြင် ဒေသထွက်ကုန်စည်များ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နိုင်မှုကြောင့် လယ်ဝေးမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ ငါးရွာမှ အိမ်ခြေ ၁၅၀၅ အိမ်၊ လူဦးရေ ၆၇၂၇ ဦးကို တိုက်ရိုက် အကျိုးပြုနိုင်မည်ဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက ၇၇၀၀ ကျော်မှ ထွက်ရှိသော ဒေသထွက်ကုန်၊ ထုတ်ကုန်များကို မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ပါကြောင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့က ရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဧည့်သည်တော်များ တံတားဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က တံတားကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ တံတားအားဖြတ်သန်းကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာရှိ မြန်မာ- ကိုရီးယားအဆင်မြင့်ဆန်စက်သို့ ရောက်ရှိပြီး စပါးကြိတ်ခွဲဆောင်ရွက်နေမှု၊ ထွက်ရှိလာသော ဆန်များတင်ပို့ရောင်းချနေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာ ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစုပိုင် စိုက်ပျိုးမြေများပေါ်တွင် ရုရှားသဘာဝ မြေဩဇာအသုံးပြု၍ အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု၊ နွေစပါး၊ ဆီထွက် သီးနှံဖြစ်သည့် နေကြာ၊ နှမ်းနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်