Skip to main content

ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အဖွင့်အမှာစကားပြောကြား

နေပြည်တော် မတ် ၂၃

၂၀၂၄ ခုနှစ် မတ် ၂၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားနှင့်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) နေပြည်တော်၌ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသည်။

ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားသို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကဏ္ဍတွင်ဆောင်ရွက်လျက်ရှိသော ဌာနအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲတွင် Chairperson အဖြစ် ကြီးကြပ်ဆွေးနွေးမည့်သူများ၊ စာတမ်းဖတ်ကြားဆွေးနွေးတင်ပြမည့်သူများ၊ ရေနှင့်ဆက်နွှယ်သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ရေသည်စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းများနှင့် မြို့ပြနှင့်ကျေးလက်ဒေသသောက်သုံးရေပေးဝေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးစသည့် ကဏ္ဍများနှင့် ဆက်နွှယ်နေသဖြင့် ရေကိုစနစ်တကျ အသုံးပြုစီမံဆောင်ရွက်ကာ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိရာ ရေနှင့်ဆက်နွှယ်သည့် ပညာရှင်များနှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယနေ့ကျင်းပသည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ကြသူများအားလုံးကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရေအရင်းအမြစ်ထိန်းသိမ်းရေး စာတမ်းများ၊ ရေအရင်းအမြစ် သန့်စင်ဖြန့်ဝေရေးစာတမ်းများ၊ ရေအရင်းအမြစ် အသုံးချသည့်စာတမ်းဖတ်ပွဲများကို နေရာသုံးနေရာခွဲ၍ ကျင်းပရာ ရေနှင့် သက်ဆိုင်သောဝန်ကြီးဌာန အဖွဲ့အစည်းများက ဘာသာရပ်ဆိုင်ရာစာတမ်း ၂၃ စောင် ဖတ်ကြားခဲ့သည်။

စာတမ်းများနှင့်ပတ်သက်သည့် တင်ပြချက်များအပေါ် Chairperson များက ကောက်နုတ်ဆွေးနွေးခဲ့ကြပြီး စာတမ်းဖတ်ကြားဆွေးနွေးခဲ့သည့် ပညာရှင်များကို ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။

ထို့နောက် ရေဆိုင်ရာ ပညာရှင်များက မြန်မာနိုင်ငံတွင် ရေဆိုင်ရာတွေ့ကြုံရသည့် အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများနှင့် ရေမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောရေး ဆောင်ရွက်မှုများနှင့်ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို ရေနှင့်ဆက်နွှယ်သည့်လုပ်ငန်း ဆောင်ရွက်မှုများ၊ လက်ရှိတွေ့ကြုံရသည့် အခက်အခဲပြဿနာများ၊ နည်းပညာတွေ့ရှိမှုများနှင့် ရေရှည်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရေနှင့်ဆက်နွှယ်သက်ဆိုင်သူများအကြား အသိပညာများဖလှယ်ရန်နှင့် ရေကိုတန်ဖိုးထား ချွေတာသုံးစွဲရန်လိုအပ်မှုကို အများပြည်သူသိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်