Skip to main content

ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းဆောင်လိုသူများကို ကျပ်သိန်းရာချီ ငွေညှစ်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူငယ်လူရွယ်များနှင့် မိဘအုပ်ထိန်းသူများကို အစည်းအဝေးခေါ်ယူပြီး စစ်မှုမထမ်းဆောင်လိုသူများကို သိန်းရာချီ ငွေညှစ်တောင်းခံနေကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်ပြီး ပြည်သူများအထင် အမြင်လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများသည် နိုင်ငံသူ၊ နိုင်ငံသားများ စစ်ပညာသင်ကြားတတ်မြောက်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကျေပွန်စွာ ထမ်းရွက်မည့်အရေးကို ကြောက်ရွံ့ထိတ်လန့်လျက်ရှိသည့်အတွက် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်လျက်ရှိရာ ယခုဖြစ်စဉ်သည်လည်း ကျုံပျော်မြို့နယ်ရှိ လူငယ်လူရွယ် များနှင့် မိဘအုပ်ထိန်းသူများကို အစည်းအဝေးခေါ်ယူပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ကောလာဟလသတင်း အမှားများကို သိရှိနားလည်စေရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သိန်းရာချီငွေညှစ်တောင်းခံနေသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထို့ကြောင့် တရားမဝင်ပြည်ဖျက်မီဒီယာများ၏မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများကို ထင်ယောင်ထင်မှား မဖြစ်စေရန်သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာနှင့်မြို့နယ်များမှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်နေမှုများအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။                 

သတင်းစဉ်