Skip to main content

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၄

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄)၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ရှိ ရခိုင်ပြည်နယ်၌ လျင်မြန်စွာ ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ အား ထိရောက်စွာ အမြန်ဆုံး ထိန်းချုပ်နိုင်ရန် လက်တွေ့ မြေပြင်တွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို သိရှိရေး အတွက် လည်းကောင်း၊ ထပ်မံအား ဖြည့်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်နိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးနိုင်ရန်အတွက် လည်းကောင်း၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံး သပ်ချက်များနှင့် အတွေအကြုံမျှဝေရန် အတွက် လည်းကောင်း၊ ရောဂါကာကွယ်ထိန်း ချုပ်နေသည့် နည်းဗျူဟာပုံစံများကို လိုအပ်ပါ က မွမ်းမံနိုင်ရန်ရည်ရွယ်၍လည်းကောင်း ပြုလုပ်သည့် ယခုနေ့စဉ် အစည်းအဝေးသည် လက်တလော အချိန်ကာလ၌  အလွန်အရေးကြီးပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်လည်းကောင်း၊ အခြားအဖွဲ့အစည်း များနှင့် လည်းကောင်း ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်လျက်ရှိ သည့်အပြင် လူနာများ စောစီးစွာပျောက်ကင်းရန်နှင့် သေဆုံးမှုနည်းပါးစေရန် ဆေးရုံများ၌ ဆရာဝန်၊ ဆရာမနှင့် ကျွမ်းကျင် ပညာရှင်များသည် အစွမ်းကုန်ကြိုးစား အားထည့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနမှ ဆေးပညာအထူးကုများ၊ မေ့ဆေးအထူးကုများ၊ ရောဂါဗေဒ၊ အဏုဇီဝ ဗေဒ၊ ဓာတ်မှန်နှင့် ဆေးဝါး ပညာရှင်များ၊ လက်ထောက်ဆရာဝန်နှင့် သွားနှင့်ခံတွင်းဆရာဝန် များ၊ ဆေးဘက်ဆိုင်ရာ ပညာရှင် များ၊ သူနာပြုအုပ်၊ သူနာပြုဆရာမကြီး၊ အထက်တန်းသူနာပြု နှင့် သူနာပြုများ၊ ကျန်းမာရေးမှူး များနှင့် သားဖွားဆရာမများ၊ ယခုအထိ စုစုပေါင်း (၁၂၈) ဦးသည် မိမိဆန္ဒအလျောက် ရခိုင်ပြည်နယ်သို့ သွားရောက် တာဝန် ထမ်းဆောင် ပံ့ပိုးနေသည်ကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း။

ကပ်ရောဂါဗေဒသဘောတရားများအရ ယခုလက်ရှိကာလတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ လူနာများနှင့် ထိတွေ့ သူများတွင် ရောဂါကူးစက်မှုများ ဆက်လက်ရှိနေနိုင်ကာ ကူးစက်ဖြစ် ပွားသူ အရေအတွက်များ သည် ရက် သတ္တပတ် (၁) ပတ်မှ (၂) ပတ်ခန့် ဆက်လက်မြင့်မား နေမည်ဟု ခန့်မှန်းရပါ ကြောင်း၊ ယခုအချိန်၌ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများနှင့် ကိုဗစ်-၁၉ ကူးစက်မှုများပြားနေသည့် ရခိုင်ပြည်နယ်သို့ ခရီးသွား ရာဇဝင်ရှိသူများအား ရှာဖွေဖော် ထုတ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းသည် အဓိကကျကာ လက်ရှိအချိန် အတွက် အထိ ရောက်ဆုံးနည်းဗျူဟာဖြစ်သည်ဆိုသည့် အချက်ကို မိမိတို့ အားလုံးသိရှိ သဘောပေါက်ရမည် ဖြစ်ပြီး ဤလုပ်ငန်းအား မိမိတို့အနေဖြင့် တတ်နိုင်သမျှ ပိုမိုအားထည့်၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်မှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူများ မြန်မာနိုင်ငံရှိ မည့်သည့် မြို့နယ်များသို့ ရောက်ရှိနေ သည်ကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး ထိုမြို့နယ်များ၌  ရောဂါထိန်း ချုပ်မှုလုပ်ငန်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာ နိုင်ငံ၌တွေ့ရှိရသော ကိုဗစ်-၁၉ လူနာများ၏ (၇၅) ရာခိုင်နှုန်းသည် ရောဂါလက္ခဏာ တစ်စုံ တစ်ရာမပြသည့်အပြင် ဤရောဂါပိုး၏ မြန်ဆန် သော ကူးစက်မှုပုံစံကို တွေ့ရှိရသည့်အတွက်  အမြင်အားဖြင့် ကျန်းမာနေသည့် ရောဂါပိုးရှိသူများ ထံမှ ထပ်မံပြန့်ပွားရန် အလားအလာများ နေပါကြောင်း။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများနှင့် ရောဂါဖြစ်ပွားမှုများပြားနေသည့် ရခိုင်ပြည် နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှု မရှိပါက ၎င်းတို့မှ တစ်ဆင့် "ထပ်ဆင့်ရောဂါကူးစက်မှုများ" ဖြစ်ပွားကာ ထိန်းချုပ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိ သွားနိုင်သည့်အပြင် ဤရောဂါ ထိန်းချုပ်မှုကာလမှာ ကြာရှည် သွားနိုင်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ဤအရေးကိစ္စသည် မိမိနှင့် မိမိ၏မိသားစုအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည့်အပြင် နိုင်ငံ၏ အရေးကိစ္စ လည်းဖြစ်သည် ဆိုသော အချက်ကို နှလုံးမူ၍ ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများ အားလုံး သည် နီးစပ်ရာကျန်းမာရေးဌာနများသို့ မိမိအသိစိတ်ဖြင့် ချက်ချင်းဆက် သွယ်ရန် အရေးကြီး ပါကြောင်း။

ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများသည် ကျန်းမာရေးစစ်ဆေး မှုနှင့် အသွား အလာ ကန့်သတ်မှု ခံယူရန်အား ရှောင်ပုန်းနေခြင်းများ ပြုလုပ်ပါက မိမိမှတစ်ဆင့် မိသားစုထံ သို့ "ထပ်ဆင့်ရောဂါ ကူးစက်မှု များ" ဖြစ်ပွားနိုင်သည်ဆိုသည့် အချက်ကို သိရှိစေလိုပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမြဲပြော ကြား သည့် "မိမိ၌ ရောဂါကူးစက်ခံရပါက ထိုရောဂါပိုးသည် မိမိကိုယ်၌ ရှိနေသည်" ဆိုသည့် အချက်ကို သိရှိစေလိုပါကြောင်း။

ရခိုင်ပြည်နယ်၌ ရောဂါကူးစက်မှုမြန်ဆန်‌နေသည့်အတွက် အခြားသော ကူးစက်မှုနည်း ပါးနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်အဟုန်မလျှော့ ဘဲ ကြိုတင်စီစဉ် ဆောင်ရွက် ထားစေ လိုပါကြောင်း၊ စည်ကမ်းလိုက်နာမှုများ အားကောင်း စေရန်နှင့် စနစ်တကျ ချိန်သားကိုက် ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်စီမံခန့်ခွဲမှု အခန်း ကဏ္ဍသည် အရေးကြီးပါ ကြောင်း။

ဤရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးရှု ထောင့် တစ်ခုတည်းမှ ဆောင်ရွက်ပါက လုံးဝလုံလောက်မည်မဟုတ်သဖြင့် လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ နိုင်ငံရေးရှုထောင့်များမှ ဆောင်ရွက်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လမ်းညွှန်မှု များဖြင့် မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်၌ ထိန်းချုပ်မှ ုလုပ်ငန်း များကို တင်းကြပ်စွာလုပ်ဆောင်လျက်ရှိသည်ကိုလည်း ပြည်သူများအနေဖြင့် နားလည်သဘော ပေါက်ကြစေလိုပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပြီးနောက် အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီကာ ဖြေလျော့သင့်သည် အချိန်၌ ဖြေလျော့ပေးသွားမည်ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်သို့  လိုအပ်သော ဆေးနှင့်ဆေးပ္စည်းကိရိယာများကိုလည်း အထူး လေယာဉ်များဖြင့် ပို့ဆောင် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ် ရန်အတွက် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ ဖွံဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ ADB၊ World Bank၊ Gavi၊ Global Fund၊ USAID၊ Access to Health Fund နှင့် ဂျပန်နိုင်ငံတို့မှ ပံ့ပိုးသော ဘဏ္ဍာငွေများကို အသုံးပြု၍ ဝယ်ယူ ထားသော ပစ္စည်းများလည်း စတင်ရောက်ရှိနေပြီး ရခိုင်ပြည်နယ်နှင့် လိုအပ်သည့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ချက်ချင်းခွဲဝေဖြန့်ဖြူးလျက် ရှိပါကြောင်း၊ ဤ ရောဂါထိန်းချုပ်ခြင်းကို အချိန် တိုအတွင်း ထိရောက်အောင်မြင်ရန်မှာ ပြည်သူများ ပါဝင်ပူးပေါင်း ပံ့ပိုးမှုပေးမှသာလျှင်ရရှိမည် ဖြစ်သည်ကို အလေးအနက် ပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင်က  လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေများ ခြုံငုံသုံးသပ်မှုများကို လည်းကောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော် က ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေအသေးစိတ်နှင့် ပတ်သက်၍ ခြုံငုံသုံးသပ်မှုများကိုလည်း ကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက   လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆေးရုံများ၌ ကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ လူနာများ အခြေအနေများကို လည်းကောင်း တင်ပြခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းတို့က ထူးခြားဖြစ်စဉ်များတင်ပြခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခဲ့ကြ သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်း မာရေးနှင့် ကုသ ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ သည်။

(သတင်းစဉ်)