နေပြည်တော် မတ် ၂၁
အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဗဟိုအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNICEF Myanmar မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အခြေခံပညာရုံးများ၊ ကျောင်းများမှ အရာထမ်းသင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် သိက္ခာရှိစွာ ပြုမူနေထိုင်တတ်အောင် လမ်းပြသွန်သင်ပေးသွားရမည်ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုများသည်လည်း အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပံ့ပိုးပေးနိုင်ရန် လိုအပ်ပါကြောင်း။
ယခုပြုလုပ်သည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း (Mental health & Psycho-social Support in Schools) သင်တန်းတွင် တက်ကြွစွာ သင်ယူဆွေးနွေးကြပြီး ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြစေလိုပါကြောင်း၊ ပညာရေးမိသားစု၏ စုပေါင်းစွမ်းပကားဖြင့် ကျောင်းသားလူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများ ကောင်းမွန်အောင် ဆောင်ကြဉ်းနိုင်ကြစေလိုပါကြောင်း၊ ပညာတတ်သည့် မျိုးဆက်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ကြစေလိုပါကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို မတ် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်