တွေ့ဆုံမေးမြန်း -ခင်စန်းမြင့် (ပြန်/ဆက်)၊ ဓာတ်ပုံ -အောင်မျိုးသူ
နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများတွင် ကဏ္ဍအလိုက် ပြခန်းပြသဆောင်ရွက်မှုများမှ MSME ထုတ်ကုန်ပြခန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဒေသထွက်သစ်သီးဝလံပြခန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်-
ဝန်ဆောင်မှုကဏ္ဍကြီး
ဦးစိုးဝင်း၊ ညွှန်ကြားရေးမှူး (ပြည်နယ်မီးသတ်ဦးစီးမှူး)
မေး။ ။ အခုကျင်းပပြုလုပ်တဲ့ ပြခန်း ပြသဆောင်ရွက်မှုနဲ့ပတ်သက်လို့ ပြောကြားပေးပါ။
ဖြေ။ ။ ပြခန်းပြသထားတာကတော့ နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ ကဏ္ဍကြီးခြောက်ခုနဲ့ ဌာနဆိုင်ရာတွေ၊ အသင်းအဖွဲ့တွေက ပြသသွားမှာ ဖြစ်ပါတယ်။ ပြသဆောင်ရွက်ထားတဲ့ ကဏ္ဍကြီးတွေကတော့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ MSME ကဏ္ဍတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဝန်ဆောင်မှုကဏ္ဍမှာ အစိုးရအဖွဲ့ကနေမှ တာဝန်ခံအနေနဲ့ ပါဝင်တဲ့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ပေးဖို့ တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုကဏ္ဍကြီးမှာကတော့ ဌာနဆိုင်ရာ ၁၀ ခုရှိပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ပြည်သူတွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေအတွက် အသိပညာပေးဝန်ဆောင်မှုကဏ္ဍဖြစ်တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍတွေပါဝင်တဲ့ ပြခန်း ၁၀ ခုနဲ့ ဖွဲ့စည်းထားပြီး ဆောင်ရွက်ပြသသွားမှာ ဖြစ်ပါတယ်။
မေး။ ။ ဝန်ဆောင်မှုကဏ္ဍ ပြခန်းပြသခြင်းဖြင့် ပြည်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ ပြည်သူလူထုကို အခြေခံပြီး ဘေးအန္တရာယ်အမျိုးမျိုး စတဲ့လုံခြုံရေးပါမကျန် ဆောင်ရွက်ပေးသလို အသိပညာဗဟုသုတတွေကိုပါ ပြည်သူတွေရရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုရှေးဟောင်း အမွေအနှစ်တွေရဲ့ အစဉ်အလာတွေကိုလည်း ပြည်သူတွေသိရှိသွားမှာဖြစ်သလို လူမှုဝန်ထမ်းနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတို့မှ စောင့်ရှောက်ရေး၊ ထောက်ပံ့ပေးနေမှုတွေကို သိရှိနားလည် သွားမှာဖြစ်ပါတယ်။
မေး။ ။ ပြည်သူတွေအတွက် ပြောစရာစကားတွေရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကနေ ဦးဆောင်ပြီးတော့ ဌာနဆိုင်ရာ အသင်းအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ပြည်သူတွေရဲ့ ဖျော်ဖြေမှုတွေ၊ ဝန်ဆောင်မှုတွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့အစဉ်အလာတွေ၊ နောက်ပြီး ရိုးရာအက၊ အဆို၊ အတီးတွေနဲ့ ထူးထူးခြားခြား စည်ကားသိုက်မြိုက်စွာ ဖော်ထုတ်ပြသထားပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်းတွေကိုလည်း ပြသထားတာဖြစ်တာကြောင့် ပြည်သူတွေလာရောက်ပြီး လေ့လာကြတာကို တွေ့ရပါတယ်။
MSME ကဏ္ဍ
ဦးသိန်းထိုက်(ဒုတိယညွှန်ကြားရေးမှူး)
ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
မေး။ ။ မွန်ပြည်နယ်နေ့ ပြခန်းခင်းကျင်းပြသဆောင်ရွက်မှုအကြောင်း ပြောကြားပေးပါ။
ဖြေ။ ။ ကျွန်တော်တို့မှာ အကုန်လုံးဆိုရင် ပြခန်း စုစုပေါင်း ၂၁ ခန်းကို ပြသဆောင်ရွက်ထားပါတယ်။ အဓိကတော့ ဒေသတစ်ခု ထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာ၊ မွန်ရိုးရာအထည်၊ ဆားလုပ်ငန်း၊ ယိုမျိုးစုံ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းက ထုတ်ကုန်ပစ္စည်းတွေ ရော်ဘာအခြေခံပစ္စည်းတွေ စက်မှုဇုန်ထုတ်ပစ္စည်းတွေကို အဓိကအနေနဲ့ ပြသဆောင်ရွက်ထားတာဖြစ်ပါတယ်။
မေး။ ။ MSME ပြခန်းပြသခြင်းကြောင့် ပြည်သူတွေအတွက် ရရှိနိုင်မယ့်အကျိုးကျေးဇူးလေး ပြောကြားပေးပါ။
ဖြေ။ ။ ပြည်သူတွေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ ကျွန်တော်တို့ မွန်ပြည်နယ်မှာ ဘာကုန်ပစ္စည်းတွေထုတ်တယ်၊ နောက်ပစ္စည်းတွေဝယ်ချင်တယ်ဆိုလို့ရှိရင် လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ချိတ်ဆက်ပေးဖို့ ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။ စက်မှုကြီးကြပ်အနေနဲ့ MSME ချေးငွေကိစ္စတွေနဲ့ မြို့နယ်တွေကို ဆင်းတဲ့အခါမှာ ဒီထုတ်ကုန်အကြောင်းကို အမြဲဆွေးနွေးပေးတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
သစ်သီးဝလံပြခန်း
ဦးမျိုးမင်းထွန်း(ဒုတိယပြည်နယ်မှူး)
ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန
မေး။ ။ဒေသထွက် သစ်သီးဝလံပြခန်းပြသဆောင်ရွက်ထားရှိမှုလေးတွေ ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ စိုက်ပျိုးရေးဌာနအနေနဲ့ သစ်သီးဝလံပြခန်းကို ကြီးကြပ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ဒီမှာကတော့ ပြခန်းနှစ်ခုနဲ့ မြေဆီလွှာ၊ ပိုးမွှားကာကွယ်ရေး၊ မျိုးစေ့အကြောင်းအရာတွေကို အဓိကပြသထားပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာ စိုက်ပျိုးရေးကထွက်ရှိတဲ့ သစ်သီးတွေ အများပြည်သူတွေ လေ့လာရအောင် စိုက်ပျိုးတောင်သူတွေရဲ့ အခက်အခဲတွေကို ပညာပေးဖို့နဲ့ မွန်ပြည်နယ်မှာ စိုက်ပျိုးထွက်ရှိတဲ့ နည်းပညာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုသိရှိအောင် ပြသဆောင်ရွက်ထားတာ ဖြစ်ပါတယ်။
မေး။ ။ ပြည်သူတွေအတွက် ပြောချင်တဲ့စကားလေးရှိရင်ပြောပေးပါရှင့်။
ဖြေ။ ။ ကျွန်တော်တို့ပြခန်းကို လာရောက်ကြည့်ရှုတဲ့ ပြည်သူတွေအနေနဲ့ မျိုးစေ့နဲ့ နည်းပညာတွေကို သိရှိအောင် တောင်သူတွေ အကူအညီလိုအပ်ပါက ကျွန်တော်တို့ဌာနနဲ့ အချိန်မရွေး ဆက်သွယ်နိုင်အောင် ခင်းကျင်းပြသပေးထားတာ ဖြစ်ပါတယ်။
စက်မှုကဏ္ဍကြီး
ဦးတင်ထွန်းအောင်(ညွှန်ကြားရေးမှူး)
ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်များညွှန်ကြားမှုဦးစီးဌာန
မေး။ ။ ပြခန်းကိုတာဝန်ယူ ခင်းကျင်းပြသဆောင်ရွက်မှုလေး သိပါရစေ။
ဖြေ။ ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီက မွန်ပြည်နယ်အတွင်းမှာ ခွင့်ပြုထားတဲ့ လုပ်ငန်းအချို့တွေကို နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ်မှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပြသဖို့ ကျွန်တော်တို့က တာဝန်ယူပြီးတော့ စက်ရုံတွေကို ညှိနှိုင်းဆောင်ရွက်ပြသထားတာ ဖြစ်ပါတယ်။
မေး။ ။ စက်မှုကဏ္ဍကြီးမှာ ပြခန်းဘယ်နှခန်းနဲ့ ဆောင်ရွက်ပြီး ဘယ်ဌာနတွေ ပါဝင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့မှာကတော့ စက်မှုကဏ္ဍကြီး ပြခန်းပေါင်း ၁၀ ခန်း ရှိပါတယ်။
ဝန်ကြီးဌာနတွေကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ပြခန်းတို့ပဲဖြစ်ပါတယ်။ ဒီဖော်ပြထားတဲ့ ဌာနတွေက မွန်ပြည်နယ်အတွင်းမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေ ရင်းနှီးမြှုပ်နှံမှု တွေနဲ့ပတ်သက်ပြီးတော့ ရော်ဘာစက်ရုံ၊ ဆိုင်ကယ်ထုတ်လုပ်တဲ့စက်ရုံ၊ အထပ်သားထုတ်လုပ်တဲ့ သစ်ပါးလွှာစက်ရုံတို့က ထုတ်ကုန်ပစ္စည်းတွေကို ခင်းကျင်းပြသဆောင်ရွက်ထားပါတယ်။ ။