နေပြည်တော် မတ် ၂၀
ပြည်ပသင်တန်းတက်ရောက်ခဲ့မှု အတွေ့အကြုံများရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရှင်းလင်းပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းသည် ပြည်ပခရီးစဉ်များသွားရောက်ခဲ့သူများမှ မိမိတို့လေ့လာခဲ့သည်များကို ပိုမိုနားလည်သိရှိနိုင်စေရန်နှင့် တက်ရောက်လာသူများအနေဖြင့် နိုင်ငံတကာက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအစီအစဉ်များကို သိရှိခွင့်ရပြီး အတုယူသင့်သည်များ၊ လေ့လာသင့်သည်များကို ဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာန လုပ်ငန်းအပြင် ဝန်ကြီးဌာနအတွင်းရှိ အခြားဦးစီးဌာနများက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း ပိုမိုသိရှိစေကာဌာန အချင်းချင်းပူးပေါင်းလုပ်ဆောင်မှု ပိုမိုအားကောင်းစေရန် မျှော်မှန်းပါကြောင်း၊ အခြားနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို မိမိနိုင်ငံနှင့်ကိုက်ညီစွာ ပြန်လည်အသုံးချနိုင်ရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် ချင်းရိုင်မြို့တို့တွင် ဖွင့်လှစ်သည့် အာဆီယံဒေသတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ၏ ပါဝင်မှုကဏ္ဍ အားကောင်လာစေရေးဆိုင်ရာသင်တန်း [Strengthening Disability-Inclusive Disaster Risk Reduction (DiDRR) in the ASEAN Region] သို့ တက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လေ့လာဆည်းပူးခဲ့ရသော ဘာသာရပ်များနှင့် အတွေ့အကြုံများ ရှင်းလင်းမျှဝေပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်