Skip to main content

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖွင့်ပွဲကျင်းပ

နေပြည်တော် မတ် ၂၀

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ဥယျာဉ်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးတို့ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ဘူမိဥယျာဉ် (Geopark) သည် ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးတမ်းများ၊ ဒေသထွက်ကုန်များနှင့်ရေမြေ တောတောင်သဘာဝအလှတို့ကို စနစ်တကျ ထိန်းသိမ်းကာကွယ်ထားပြီး ပညာပေးရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စနစ်တကျစီမံအုပ်ချုပ်ထားသည့် နိုင်ငံအဆင့်အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း။

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ကို ဘူမိနယ်မြေ (၁၅) ခုနှင့် ဖွဲ့စည်းထားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတ အမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်နှင့် ထူးခြားသော ဘူမိသွင်ပြင်များကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်း လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံဧရိယာ၏ (၁၀) ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်း ရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် ယနေ့အချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ကြောင်း၊ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်သည် ကမ္ဘာ့အဆင့် ဘူမိအမွေအနှစ်၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ထူးခြားရှားပါးသော ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်အတွက်ဆက်စပ် ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အမျိုးသားအဆင့် ဘူမိဥယျာဉ်မှတစ်ဆင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် သတ်မှတ်ခံရရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပထမခြေလှမ်းအနေဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ဆက်လက်၍ အလားအလာရှိသော သယံဇာတပေါကြွယ်ဝပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိရာနေရာများကိုလည်း ဘူမိဥယျာဉ်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကော်မတီဝင်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ပညာရှင်များ၊ မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင်မှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်