နေပြည်တော် မတ် ၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)တို့ ပူးပေါင်း၍ တောင်အာရှနှင့်အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲလျက်ရှိရာ ကျေးလက်နှင့် မြို့ပြပြည်သူများ၏ နှစ်စဉ် ထင်းလိုအပ်ချက်မှာ ကုဗတန် ၁၇ သန်း ခန့် ရှိကြောင်း၊ ထင်းလောင်စာလိုအပ်ချက် မြင့်မားလာခြင်းသည် သစ်တောသယံဇာတ ရေရှည်တည်တံ့စေရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက တွေ့ကြုံရသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၁၉၉၇ ခုနှစ်မှ စတင်၍ ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ရေး၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း။
ယခုစီမံကိန်းအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center – CCC နှင့် ပူးပေါင်း၍ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအသေးစား သန့်ရှင်းသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၁၈ ခုနှစ်မှ စတင်၍ စီမံကိန်းကာလ ခြောက်နှစ်သတ်မှတ်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထင်းလောင်စာသုံးစွဲမှုကို လျှော့ချနိုင်ခြင်းဖြင့် သဘာဝတောကျန်များ ထိန်းသိမ်းရေးနှင့် အပူပိုင်းဒေသရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ကြောင်း၊ စီမံကိန်းကာလအတွင်း ခရိုင်ခြောက်ခုရှိ ကျေးရွာ ၁၁၀၉ ရွာ၊ အိမ်ထောင်စု ၂၁၈၆၇၈ စုသို့ ထင်းလောင်စာသုံးစွဲမှု ၄၀ ရာခိုင်နှုန်း ချွေတာနိုင်သော စွမ်းအားမြှင့်မီးဖို ၅၀၀၀၀၀ ဖြန့်ဝေရန်လျာထားကြောင်း၊ ကျေးလက်အိမ်ထောင်စု တစ်စုသည် ဖိုခုံလောက်မီးဖိုသုံးစွဲပါက တစ်နှစ်လျှင် ထင်း ၂ ဒသမ ၅ တန် လိုအပ်သော်လည်း စွမ်းအားမြှင့် မီးဖိုသုံးစွဲပါက ထင်း ၂ ဒသမ ၅ တန်၏ ၄၀ ရာခိုင်နှုန်း ဖြစ်သောထင်း တစ်တန်လျော့နည်းသက်သာပြီး သဘာဝတော ၁ ဒသမ ၆၆ ဧက ထိန်းသိမ်းနိုင်ကြောင်း၊ စီမံကိန်းကာလအတွင်း လက်ရှိကာလအထိ စွမ်းအားမြှင့်မီးဖို ၄၃၈၀၀၀ ကျော် ဖြန့်ဝေပြီးဖြစ်သည့်အတွက် ကာဗွန်ထုတ်လွှတ်မှု တန် ၄၈၅၀၀၀ ကျော် လျှော့ချနိုင်ခဲ့ကြောင်း၊ စီမံကိန်းကာလအတွင်း စောင့်ကြည့်အကဲဖြတ်ရလဒ်များ အပေါ်အခြေခံ၍ ပိုမိုကောင်းမွန်သော ရလဒ်များရရှိအောင်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းအားအကောင်အထည် ဖော်ဆောင်ရွက်နေသူများက သုတေသနစာတမ်းများနှင့်လုပ်ငန်းဆောင်ရွက်မှုများအား ခြုံငုံဆွေးနွေးကြမည်ဖြစ်သဖြင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြသထားသောစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်သည့် သုတေသနပိုစတာများ၊ လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်ပိုစတာများ၊ ထင်းအစားအခြား လောင်စာသုံးစွဲနိုင်သည့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများပြသထားမှုနှင့်စွမ်းအား မြှင့်မီးဖိုများပြသထားမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်