နေပြည်တော် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့ရပ်ကွက်တွင် မတ် ၁၈ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆိုက်တွဲမောင်းနှင်လာသော သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်သတင်းနှင့်ပတ်သက်၍ လတ်တလောကလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှု များပြားလာကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသား ထားသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူ တစ်ဦး၏ပြောကြားချက်အရ မတ် ၁၈ ရက် နံနက်ပိုင်းက စမ်းမြို့ရပ်ကွက် KBZ ဘဏ်ခွဲ (၂) ရှေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုက်တွဲမောင်းနှင်းလာသည့် သားအဖနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်