Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၂၀

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ကြသည်။

ကာကွယ်ထိန်းသိမ်း

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရေးပါသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ထားပြီး နိုင်ငံ၏လုံခြုံရေးကို နိုင်ငံသားများက တပ်မတော်နှင့်အတူပူးပေါင်း၍ ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းခံစားရမည့် အကျိုးခံစားခွင့်များရှိသကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်များကိုလည်း ကျေပွန်ရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲ ကျင်းပရခြင်းမှာ ဝန်ထမ်းများကို မိမိနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်တွေ့ကျင့်သုံးလျက်ရှိပါကြောင်း၊ နိုင်ငံနှင့်လူမျိုးကို တိုင်းချစ်ပြည်ချစ်စိတ်နှင့်သာ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အချို့သတင်းမီဒီယာများက မဟုတ်မမှန်သတင်းမှားများ ဖော်ပြလျက်ရှိသည့်အတွက် သတိစွဲကပ်ကြရန်နှင့် ပြည့်အင်အားသည် ပြည်တွင်းတွင်သာရှိသည့်အတွက် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ယင်းနောက် ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဖွဲ့စည်းခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းမှုများအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က ဖြည့်စွက်ဆွေးနွေးဖြေကြားပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်