ရန်ကုန် မတ် ၂၀
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယဘူမိဖဿထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထု ပူဇော်ထားသည့် ပိဋကသုံးပုံ ပါဠိတော်များကို မြန်မာ/ရိုမန် အက္ခရာနှစ်မျိုးဖြင့် စိစစ်တည်းဖြတ်ခဲ့ကြသော “နာယကအဖွဲ့ဆရာတော်ကြီးများ” နှင့် “စိစစ်တည်းဖြတ်ရေး လုပ်ငန်းကော်မတီမှ ဆရာတော်ကြီးများ” အား ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များနှင့် Tablet များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိယတ္တိစာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမည့် ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စိစစ်တည်းဖြတ်ရေး နာယကအဖွဲ့ဝင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပိဋကပါဠိတော်ကျမ်း ၅၃ ကျမ်းတို့ကို ပါဠိ၊ ရိုမန်နှစ်ဘာသာဖြင့် ကျောက်စာရေးထိုးရာတွင် ဆဋ္ဌသင်္ဂါယနာမူနှင့်ကိုက်ညီစေရန် စိစစ်တည်းဖြတ်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များနှင့် Tablet များ ဆက်ကပ်လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းလျှောက်ထားပြီး ကြွရောက်တော်မူလာကြသောဆရာတော် သံဃာတော်များအား ပုံနှိပ်ပြီးဖြစ်သော ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များ၊ Tablet များနှင့် နဝကမ္မလှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူးက ပရိယတ္တိ စာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမည့် ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာအုပ် ၉၆၃ စုံအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးအေးထွန်းက လက်ခံရယူပြီးနောက် ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်စကား လျှောက်ထားသည်။
ထို့နောက် စိစစ်တည်းဖြတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်