Skip to main content

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့ရှိ နန္ဒာလမ်း နိုင်လွန်ကတ္တရာအဆင့်မြှင့်တင် လမ်းသစ်ဖွင့်ပွဲကျင်းပ

မန္တလေး မတ် ၂၀

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့ရှိ နန္ဒာလမ်းနိုင်လွန် ကတ္တရာအဆင့်မြှင့်တင်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ရပ်ကွက်ကြီး (၆) ရှိ အဆိုပါလမ်းသစ် မင်္ဂလာမုခ်ဦးရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် တပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဒေသခံရပ်မိရပ်ဖများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်က ပြင်ဦးလွင်မြို့အား ခရီးသွားမြို့တော်၊ စံပြမြို့တော်ဖြစ်စေရေး အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြင်ဦးလွင်မြို့တွင် ပြည်တွင်း ပြည်ပခရီးသွားများအတွက် ခရီးစဉ်ဒေသများစွာရှိပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ အချိန်တိုအတွင်း သွားလာမှုအဆင်ပြေချောမွေ့ လွယ်ကူစွာရှိစေရန် လမ်းများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့်လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ ယခု ဖွင့်လှစ်လိုက်သည့် နန္ဒာလမ်းနိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ခင်းကျင်းခြင်းကို တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၇၈ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အရှည် ၂၆၇၅ ပေ x အကျယ် ၂၄ ပေ x‌ ထု ၃ လက်မရှိကာ ဂန္ဓမာမြိုင်အဝိုင်းမှ ကန်တော်ကြီးဝင်ပေါက်အထိ ဖောက်လုပ်ထားပြီး တိုင်းရင်းသားကျေးရွာ အထိရောက်ရှိသည့် ပြင်ဦးလွင်မြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်ပါကြောင်း၊ ရေရှည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းက ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပရေးနှင့်အတူ မြို့တွင်းလမ်းများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြင်ဦးလွင်တပ်နယ်မှူး နှင့် တာဝန်ရှိသူများက (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နန္ဒာလမ်း နိုင်လွန်ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ (အောက်ပုံ) ဖွင့်ပွဲအမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး နန္ဒာလမ်းနိုင်လွန်ကတ္တရာ လမ်းတစ်လျှောက် ကြည့်ရှုကာ ဒေသခံရပ်မိရပ်ဖများအား ရင်းနှီးစွာလိုက်လံနှုတ်ဆက်၍ ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့တို့အား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်