Skip to main content

ရခိုင်ပြည်နယ်မှ ကိုဗစ် - ၁၉ ရောဂါ လူနာများကို ရန်ကုန်မြို့ရှိ ဖောင်ကြီး ကိုဗစ်-၁၉ ကျန်းမာရေး စင်တာတွင် ကုသနိုင်ရေးဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊  လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် ကိုဗစ်-၁၉ ကျန်းမာရေးစင်တာမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မှ ကိုဗစ် - ၁၉ ရောဂါ လူနာများ​ကို စင်တာတွင် လက်ခံကုသပေးနိုင်ရေး သြဂုတ် ၃၁ ရက်   ညနေ ၄ နာရီက ဧည့်ရိပ်သာတွင် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က ဖောင်ကြီးတွင် လက်ရှိအဆောင်များနှင့် ထပ်မံတိုးချဲ့ပြုပြင်ထားသည့် အဆောင်များတွင် လူနာများ ရောက်လာပါက အဆင်သင့် ကုသပေးနိုင်အောင် ဆေးပစ္စည်းများ ပြည့်စုံ အောင် ဆောင်ရွက်ထားရေးနှင့် ကုသရေးအပိုင်း များအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ မိမိအနေဖြင့် လိုအပ်နေသော ဆရာဝန်အင်အားနှင့် ဆေးပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်ရှိ ရိုးမရိပ်သာကို Quarantine Center အဖြစ် ထားရှိမည်ဖြစ်၍ အမြန်ဆုံးပြင်ဆင် ဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးစစ်ဆေးခြင်းများကို မြို့နယ်များအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဖောင်ကြီးကျန်းမာရေးစင်တာမှ တာဝန်ရှိသူများက စင်တာတွင် ၁၉၉ ဦး လက်ခံကုသပေးခဲ့ပြီး ၁၈၁ ဦးမှ ဆေးရုံ ဆင်းသွားပြီး ၁၈ ဦး ကျန်ရှိနေကြောင်း၊ ဆေးရုံဆင်းသွားသူများမှ အခြားသူထံ ရောဂါ လုံးဝ မကူးစက်နိုင်အောင် ကုသပေးခဲ့ကြောင်းနှင့် ထိုသူများကို အိမ်တွင် ၂၁ ရက် ဆက်လက် စောင့်ကြည့်​ရာ အခြေအနေကောင်းမွန်ကြောင်း၊ အဆောင် ၅ ဆောင်တွင် လူနာ ၈၀၀ ကျော်အထိ ထားရှိကုသပေးနိုင်ကြောင်းနှင့် ပြင်ဆင်နေ​မှုများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာကို Quarantine Center ထားရှိရေး ပြင်ဆင်ဆောင်ရွက်နေသည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က အားလုံးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး မှာကြား​ခဲ့သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)