နေပြည်တော် မတ် ၂၀
ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ရုရှား- မြန်မာ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပဒေရေးရာဝန်ဆောင်မှုအကြီးအကဲ Mr. Bezbabnov OIeg Gennadievich၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergey Semenovich Kurchenko နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပဒေရေးရာဝန်ဆောင်မှု အကြီးအကဲ Mr. Bezbabnov OIeg Gennadievich တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး ရုရှား-မြန်မာနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေ ဆိုင်ရာများဖြစ်သည့် ရုရှားနိုင်ငံ၏ စစ်ဘက်ဥပဒေစနစ်နှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကိုအပြန်အလှန်ဆွေးနွေးခြင်းများ၊ မေးခွန်းမေးမြန်းခြင်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။
ထို့ပြင် ညပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က Mr. Bezbabnov OIeg Gennadievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။