Skip to main content

ဘူးသီးတောင်မြို့ရှိ ရပ်ကွက်/ ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

နေပြည်တော် မတ် ၂၀

ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ထိုသို့ ကန့်ကွက်ရှုတ်ချလျက်ရှိရာ မတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်တွင်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ရပ်ကွက်/ ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုး အင်အား ၂၀၀၀ ကျော်သည် အဆိုပါမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စုဝေးပြီး ၎င်းစုရပ်နေရာမှ မေယုလမ်းမကြီး - နတ်ပင်ရင်းလမ်းဆုံ - ဦးဥတ္တမလမ်းနှင့် နာရီစင်လမ်းဆုံအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချီတက်၍ ဆန္ဒဖော်ထုတ်ကြကာ ညနေ ၆ နာရီခန့်တွင်အေးချမ်းစွာ လူစုခွဲခဲ့ကြသည်။

ချီတက်ရာ လမ်းတစ်လျှောက်တွင် “AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကိုကာကွယ်ကြ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကိုမလိုလားပါ၊ ဒီနေရာတွင် မည်သည့်စစ်ပွဲမှ မပြုလုပ်ရ” စသည့် ကြွေးကြော်သံများကို မြန်မာ/ ဘင်္ဂါလီ နှစ်ဘာသာဖြင့် သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။