Skip to main content

မြောင်းမြမြို့တွင် ဓာတု ၊ ရူပ ၊ ဘောဂ ဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသူအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

မြောင်းမြ       စက်တင်ဘာ    ၄

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲ၌  မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသော ထူးချွန်ကျောင်းသား မောင်ငြိမ်းမင်းသန့်အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်   ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး  ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံ ဘာသာတွဲ၌  မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသော ထူးချွန်ကျောင်းသား မောင်ငြိမ်းမင်းသန့်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ရှစ်သိန်းနှင့် ဂုဏ်ပြုမှတ် လက်မှတ် ချီးမြှင့်ပေးသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊  မြောင်းမြခရိုင်အုပ်ချူပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးဌာန တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်  မြောင်းမြခရိုင်အတွင်း (၆)ဘာသာ ဂုဏ်ထူးရှင် (၁၀)ဦး ၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၈)ဦး အပါအဝင် မြေဆိုအောင်မြင်သူ ပေါင်း (၃၈၀၈)ဦးအောင်မြင်ခဲ့ပြီး တစ်ခရိုင်လုံး အောင်ချက်ရာခိုင်နှုန်း (၃၀.၆၇%) ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အောင်မင်း(မြောင်းမြ)