နေပြည်တော် မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးနည်းပညာ တက္ကသိုလ်အနီးရှိ ထိုမာကျေးရွာနှင့် ဇင်းကလင်းကျေးရွာကြားရှိ နေအိမ်အချို့ကို မတ် ၁၇ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။
ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်
အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့၊ ရွာများ တည်ငြိမ်အေးချမ်းလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေသည်ကို မနာလိုမရှုဆိတ်ဖြစ်ကာ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းနှင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်များ၊ ပညာရေးအဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ခြင်း၊ အပြစ်မဲ့ပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ ထိခိုက်သေဆုံးခဲ့ရသည်။ ထို့အပြင် တက္ကသိုလ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို မိဘပြည်သူများ အနေဖြင့်လည်း သိရှိပြီးဖြစ်သည်။
ယခုဖြစ်စဉ်သည်လည်း အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်း ဖက်သမားများက မတ် ၁၇ ရက်တွင် ကလေးနည်းပညာတက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ကလေးနည်းပညာတက္ကသိုလ်အနီးရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတာဝန် ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်