Skip to main content

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၉

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၁၁ ခုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဓာတ်အားထုတ်လုပ်ပေးနိုင်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စွမ်းအင်အရင်းအမြစ်ပေါင်းစုံမှ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာ နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းသည် တည်ဆောက်မှုကာလတိုတောင်း၍ နိုင်ငံတော်အတွက် လိုအပ်သည့်ဓာတ်အားကို ကာလတိုအတွင်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည့်အပြင် မိမိတို့ဝန်ကြီးဌာနမှ ရေးဆွဲထားသော National Electricity Master Plan (၂၀၁၄) အရ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ ၁၇ ရာခိုင်နှုန်းအထိ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက် လျက်ရှိသကဲ့သို့ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိစေရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ စီမံကိန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကိုလည်း ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းဆောင်ရွက်သွားခြင်းဖြင့် လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အကြံပြုဆွေးနွေး

ထို့နောက် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လုပ်ငန်းအခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်