Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မွန်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မွန် မတ် ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးကျော်စွာမြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်မုဒုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်း ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်ဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စသည့်မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကာ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ပညာရပ်များကို ကြိုးစားလေ့လာသင်ယူသွားကြရန်နှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအဖြစ် ဆောင်ရွက် သွားနိုင်ရေးမှာကြားပြီး ချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့်သင်တန်းသူများ၏ လက်တွေ့လေ့ကျင့်သင်ကြားနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ချီးမြှင့်ငွေများပေးအပ်

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံအရာရှိက သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများပေးအပ်၍ ရုံးဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်