မော်လမြိုင် မတ် ၁၉
၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ချီးမြှင့်သည်။
ဦးစွာ နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားကို မော်လမြိုင်မြို့သမိန်ဗရမ်း (ဘက်စုံသုံးကွင်း)၌ ကျင်းပရာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုးနှင့် Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
သဝဏ်လွှာဖတ်ကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖတ်ကြားသည်။
ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်အတူ မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပသည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဂုဏ်ပြုစကားပြောကြား
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ရိုးရာလက်မှုလုပ်ငန်းများ၊ ထင်ရှားကျော်ကြားလှသည့် ခရီးစဉ်ဒေသများအား ဂုဏ်ပြုဖော်ကျူးထားသည့် အလှဖြာဝေရာမညဌာနေ Video Clip ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြည်နယ်ဂုဏ်ထူးဆောင် ထူးချွန်ဆုများဖြစ်ကြသည့် စီးပွားရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စိုက်ပျိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ မွေးမြူရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ စက်မှုလက်မှုထူးချွန်မှုဂုဏ်ထူးဆောင်ဆုနှင့် စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်နှင့် ခွန်စံလွင်တို့က ပြည်နယ်ဂုဏ်ထူးဆောင် ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆိုလာအစုံ (၁၅၀) ပေးအပ်
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်နယ်အတွင်းရှိကျေးရွာများ မီးလင်းရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆိုလာအစုံ (၁၅၀)အား ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့သည် မုဒုံမြို့ရှိ Fuxing Brother Rubber Industrial Co.,Ltd သို့ ရောက်ရှိကြရာ စက်ရုံတာဝန်ရှိသူက စက်ရုံသမိုင်း ကြောင်း၊ ရည်ရွယ်ချက်နှင့် ရော်ဘာထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့သည် စက်ရုံအတွင်း ရော်ဘာကုန်ကြမ်းမှ ကုန်ချောအဖြစ် အဆင့်ဆင့်ထုတ်လုပ်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ Myanmar Lighting (IPP) Co.,Ltd ၏ (၂၃၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြရာ တာဝန်ရှိသူက စက်ရုံ၏ စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့သည် စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်လည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုကြသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့သည် သမိန်ဗရမ်း (ဘက်စုံ သုံးကွင်း)၌ ကျင်းပသည့် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖျော်ဖြေတင်ဆက်
ရှေးဦးစွာ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့က နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးက မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲ၏ ရိုးရာယိမ်းအကအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိကြသည့် ယိမ်းအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲတွင် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိကြသူများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့သည် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး မွန်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအလှများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြကာ မွန်ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်သည့်အဖွဲ့များကို ဂုဏ်ပြုဆုငွေကျပ်သိန်း ၅၀ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။
သတင်းစဉ်