နေပြည်တော် မတ် ၁၈
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ်သည် ဝန်ထမ်းများအတွက် ရေရှည်ဆောင်ရွက်သွားရမည့်ကိစ္စဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ အတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းပါ ပြင်ဆင်ရမည့် ပုဒ်မ၊ ပုဒ်မခွဲများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမည့် အချိန်ဇယား၊ အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့်စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေကြမ်းကို ပိုမိုပြည့်စုံစေရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေကြမ်းပြုစုလျက်ရှိသည့်နည်းတူ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရမည့်ကဏ္ဍအသီးသီးအတွက် သက်ရောက်မှုများကို လေ့လာသုံးသပ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်