Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ရွာမ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မီတာများ စမ်းသပ်စစ်ဆေးမှုအဆင့်ဆင့်ကို လိုက်လံရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မီတာများ မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ရေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မှာကြား

ထို့နောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး မိသားစုသဖွယ် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်၊ ယခုနွေရာသီကာလအတွင်း ဓာတ်ငွေ့ရရှိမှုအပေါ် ဓာတ်အားစဉ်ဆက်မပြတ် ထုတ်လုပ်ရေး ကြိုးပမ်းလုပ်ဆောင်ကြရန် မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံဝင်းအတွင်း ပစ္စည်းများ ထိန်းသိမ်းထားသိုမှု၊ စက်ရုံ၏ အထက်ဘက်မြစ်ကမ်းတွင် ရေတိုက်စားမှုကာကွယ်ခြင်းအတွက် မြေထိန်းနံရံလုပ်ငန်း ဆောင်ရွက်နေမှု၊ ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ အဝင်အထွက်အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လဲလှယ်ပြုပြင်ပြီး ထွက်ရှိလာမည့်ပစ္စည်းများနှင့် အရန်ပစ္စည်းများကို စနစ်တကျ မှတ်တမ်းရေးသွင်းပြီး ထားသိုသိမ်းဆည်းထားရှိရန်၊ နှစ်ကာလကြာ အထုတ်/အသွင်းမရှိသော ပစ္စည်းများကို စာရင်းမှပယ်ဖျက်၍ လေလံတင်ရောင်းချရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ၂၃၀ ကေဗွီ အလုံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက Switch-Bay အသစ်တိုးချဲ့တည်ဆောက်မည့်မြေနေရာနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံကို ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်