Skip to main content

အမျိုးသားစစ်မှုထမ်းစနစ်တွင် ရဲဝံ့တက်ကြွစွာ ပါဝင်ထမ်းရွက်

ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးခဲ့ချိန်မှစ၍ ယင်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများကို မီဒီယာများမှတစ်ဆင့် ပြုလုပ်ခဲ့သလို ရုံးဌာနများ၊ တက္ကသိုလ်များ၊ ကျေးရွာများအရောက် ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို သက်ဆိုင်ရာတို့က စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။ တစ်ပြိုင်တည်းမှာပင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ကောလာဟလများစွာတို့က တစ်နေ့တစ်မျိုး မရိုးအောင် ထွက်ပေါ်လျက်ရှိပြီး လူငယ်လူရွယ်များ စိုးရိမ်ထိတ်လန့်မှုများဖြစ်အောင်၊ လူ့အဖွဲ့အစည်းများအတွင်း တည်ငြိမ်မှုကင်းမဲ့အောင် ဖန်တီးလျက်ရှိသည်။

မီဒီယာများက တရားဝင်ထုတ်ပြန်သည့် မှန်ကန်ခိုင်မာသော သတင်းအချက်အလက်များထက် ကောလာဟလများကသာ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့တတ်သည့်သဘာဝရှိပြီး ပြည်သူ လူထုအတွင်း ရိုက်ခတ်မှုလည်း ဖြစ်ပေါ်လေ့ရှိသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ စနစ်တကျ ရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်မည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သူများကို အတင်းအဓမ္မ ခေါ်ယူတာဝန်ထမ်းဆောင်စေမည်မဟုတ်ဘဲ ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေသူများ၊ ဆေးကုသမှုခံယူနေသူများကို ယာယီရွှေ့ဆိုင်းပေးထားမည်ဖြစ်ကြောင်း မီဒီယာများနှင့် ကွင်းဆင်းဆွေးနွေးပွဲများတွင် အကြိမ်ကြိမ်အခါခါ ရှင်းလင်းဆွေးနွေးမှုများသည် ကောလာဟလမျိုးစုံတို့ကို မကျော်လွန်နိုင်။ အထူးသဖြင့် အယုံလွယ်သူတို့အကြားတွင် စိုးရိမ်ထိတ်လန့်မှုများ၊ မှားယွင်းစွာ ထင်မြင်မှုများ၊ မှားယွင်းသည့်ဆုံးဖြတ်ချက်များနှင့် မှားယွင်းသည့်ပြုမူဆောင်ရွက်မှုများ ဖြစ်ပေါ်လာသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နှစ်ပေါင်းများစွာကတည်းကပင် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တစ်လျှောက်လုံးတွင်လည်း ဆက်လက်တည်ရှိနေမည်ဖြစ်ရာ ယာယီအစီအစဉ်၊ စီမံချက်တစ်ရပ်မဟုတ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မိမိတို့ထံ တာဝန်ကျရောက်လာသည်နှင့် နိုင်ငံသားတစ်ယောက်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သည်။ မသမာသူတို့ ဘေးတီးလှုံ့ဆော်မှုကို နားယောင်ပြီး တိမ်းရှောင်ထွက်ပြေးမည်ဆိုပါကလည်း ဥပဒေနှင့်ငြိစွန်းမည်ဖြစ်သည့်အပြင် စစ်မှုထမ်းရမည့်တာဝန်မှာ ပြေကျေသွားမည်မဟုတ်။ နယ်စပ်ဖြတ်ကျော်အောက်လမ်းမှ ပြေးသူတို့ သူတစ်ပါးနိုင်ငံတွင် တရားမဝင် ခိုးဝင်လာသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး စိုးတထိတ်ထိတ်ဖြင့် နေကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့အလှည့်ကျလျှင် ရောက်ရှိလာမည့် ၂၄ လကြာ တာဝန်ကို မပျက်မကွက် ထမ်းရွက်ကြခြင်းဖြင့် တာဝန်ကျေပွန်သူ နိုင်ငံသားအဖြစ် တစ်သက်တာ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ခံစားခွင့်များရှိနေရာ အဆင့်အလိုက်လစာနှင့် စရိတ်ခံစားခွင့်၊ တာဝန်ထမ်းဆောင်စဉ် သေဆုံး/ဒဏ်ရာရရှိပါက ခံစားခွင့်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ပြည်သူ့စစ်မှုထမ်းချိန်သည် တာဝန်ချိန်၊ ကုမ္ပဏီ/ ပုဂ္ဂလိက အလုပ်အကိုင် ဖြစ်ပါက စစ်မှုထမ်းကာလပြီးဆုံးချိန်တွင် မူလအလုပ်အကိုင်/ အလားတူ အလုပ်အကိုင်တို့တွင် ပြန်လည်ခန့်ထားရန် စသည်တို့အပါအဝင် ခံစားခွင့်များ ပြဋ္ဌာန်းထားသည်။ မိမိတို့နိုင်ငံတွင် ကာလရှည်ကြာပြဋ္ဌာန်းထားခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်တွင်း ပြည်ပအခြေအနေအရပ်ရပ်တို့အရ အာဏာတည်ခဲ့ပြီဖြစ်ရာ နိုင်ငံသားတိုင်းက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် နိုင်ငံသားတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုသည်။

လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ဘေးအန္တရာယ်အသွယ်သွယ်မှ ကာကွယ်ကြရမည့်တာဝန်သည် နိုင်ငံသားအားလုံးအပေါ်၌ ရှိသည်။ လက်ရှိအချိန်သည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းအား ခိုင်မာတောင့်တင်းအောင် မြှင့်တင်ရန် လိုအပ်လာပြီဖြစ်သည့်အလျောက် သမိုင်း၏တောင်းဆိုချက်အရ ပေါ်ပေါက်လာသော အမျိုးသားစစ်မှုထမ်းစနစ်တွင် ရဲဝံ့တက်ကြွစွာ ပါဝင်ထမ်းရွက်ကြရပါမည့်အကြောင်း။ ။