နေပြည်တော် မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ခရိုင်ဆည်မြောင်းရုံးနှင့် ခရိုင်သစ်တောရုံးတို့ မတ်လ ၁၇ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါမီးလောင်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မီးလောင်မှုဖြစ်စဉ်တွင် မျက်မြင်တွေ့ရှိသူ ပြည်သူတစ်ဦး၏ ပြောကြားချက်အရ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ်များ မီးကူးစက်လောင်ကျွမ်းမှုမရှိစေရန်အတွက် မီးငြှိမ်းသတ်ရန် ရောက်ရှိလာသည့် ပြည်သူများကို တားဆီး၍ အဆိုပါရုံးများတွင် မိုင်းများ ထောင်ထားသည်ကို ပြည်သူများကို ခြိမ်းခြောက်၍ ပြန်ခိုင်းခဲ့ကြောင်း၊ ခရိုင်ဆည်မြောင်းရုံးနှင့် ခရိုင်သစ်တောရုံးတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းမရှိသည်မှာ လအတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။