Skip to main content

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ

မကွေး စက်တင်ဘာ ၄ 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

လွှတ်တော်အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာ သုံးသပ်ချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ဖတ်ကြားတင်သွင်းခဲ့ပြီးနောက် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က အကြံပြုဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးချက်များအပေါ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်ကအတည်ပြုပေးပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးက အဆိုတင်သွင်းခဲ့ရာ ထီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်က ယင်းဥပဒေအား အတည်ပြု ပေးနိုင်ပါရန် ထောက်ခံဆွေးနွေး ခဲ့သည်။

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် ဥပဒေကြမ်း တစ်ရပ်လုံးအား လွှတ်တော်က အတည်ပြုကြောင်းနှင့် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာများကို ဆက်လက် ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။ ဆက်လက်၍ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ အထွေထွေ တင်ပြချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ ငဖဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး၊ စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုဦးတို့က ဖတ်ကြားတင်သွင်းခဲ့ပြီးနောက် သရက်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးအောင်က အကြံပြုဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးချက်များ အပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြန်လည ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်ကအတည်ပြုပေးပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးက အဆိုတင်သွင်းခဲ့ရာ မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေက ယင်းဥပဒေအား အတည်ပြု ပေးနိုင်ပါရန် ထောက်ခံဆွေးနွေးခဲ့သည်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် ဥပဒေကြမ်း တစ်ရပ်လုံးအား လွှတ်တော်က အတည်ပြုကြောင်းနှင့် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းကော်မတီနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ တို့၏ အစီရင်ခံစာများကို ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွား မည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)