Skip to main content

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

နေပြည်တော် မတ် ၁၇

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန် လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီ အစဉ်များ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် မတ် ၁၅ ရက်မှ ၁၆ ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး-မန္တလေး၊ မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီး ဌာနအစီအစဉ်ဖြင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး - ကျိုင်းတုံမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ကျိုင်းတုံမြို့ပေါ်သာမက အနီးတစ်ဝိုက်ရှိ မြို့နယ် ၁၃ မြို့နယ်မှ ပြည်သူများလာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၈၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၄၉ ဦး၊ အသည်းဆေးကုသမှုဆိုင်ရာ လူနာ ၂၂ ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ ၆၀၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၂၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ကိုးဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၉၅ ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ ရှစ်ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာ လူနာ ၁၀၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၄၇ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၂၂၅ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောရောဂါလူနာကိုးဦး၊ အခြားကလေးလူနာ ၂၂ ဦး၊ ခွဲစိတ်ရောဂါဆိုင်ရာလူနာ ၃၆ ဦး၊ အရိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ စိတ်ကျန်းမာရေးဆိုင်ရာနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆိုင်ရာ လူနာ ၄၃ ဦး စုစုပေါင်း ဒေသခံပြည်သူ ၈၃၈ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၆၂ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (OGDS) ခြောက်ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) နှစ်ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းမှန်ပြောင်းကြည့်ရှုခြင်း ရှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) ငါးဦး၊ ဓာတ်မှန် ဖြင့် ရောဂါရှာဖွေခြင်း ၈၇ ဦး၊ ဓာတ်ခွဲစမ်းသပ်ခြင်း ၁၈၄ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာ ခြင်း ၃၄ ဦး၊ Ultrasound ရိုက်ကူးခြင်း ၂၇ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း(ECG) ၁၂၈ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု ၁၈ ဦး၊ အရိုးရောဂါဆိုင်ရာခွဲစိတ်ကုသမှုသုံးဦး၊ အထွေထွေခွဲစိတ်ကုသမှုငါးဦး၊ သားဖွားမီးယပ်လူနာခွဲစိတ် ကုသမှုသုံးဦးတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာနှစ်ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာတစ်ဦး၊ မျက်စိရောဂါဆိုင်ရာလူနာခုနစ်ဦးတို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု အားဖြည့်ဆောင်ရွက်ရန်အတွက် စေလွှတ်ထားသည့် မျက်စိအထူးကုကွင်းဆင်းဆေးအဖွဲ့သည် မတ် ၂၃ ရက်အထိ ပြည်သူ့ဆေးရုံကြီး-ကျိုင်းတုံမြို့၌ မျက်စိရောဂါလူနာများ ကြည့်ရှုကုသခြင်းနှင့် မျက်စိခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်နှင့်အတူ ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်းဒေသခံ ပြည်သူ ၉၁ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။

ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မတ် ၁၆ ရက်တွင် အထူးကုဆေးကုသရေးအစီအစဉ် ဆောင်ရွက်ရာနေရာသို့ လာရောက်ပြီး ပြသကုသမှုခံယူကြသော လူနာများကို အားပေးစကားပြောကြားကာ မျက်စိခွဲစိတ်ထားသည့်လူနာများကို နေကာမျက်မှန်များ တပ်ဆင်ပေးအပ်ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုအားပေးခြင်းနှင့် လာရောက်ပြသသည့် လူနာများကို နေ့လယ်စာအာဟာရများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှု(Superspecialty) ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဉ်များကို ၂၀၂၄ ခုနှစ် အတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံမြို့အပါအဝင် ၁၂ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်