နေပြည်တော် မတ် ၁၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ခံများနှင့် တာဝန်ရှိသူများက ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးရေးအတွက် ပစ္စည်းများ အလေအလွင့်မရှိ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ ဝယ်ယူ ဖြည့်တင်းရေး၊ ထောက်ပံ့ပေးနိုင်ရေးသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပစ္စည်းများ ရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန်စာရင်းများကို စနစ်တကျမှတ်တမ်းရေးသွင်း ထားရှိကြရန်၊ အသုံးမလို ပိုလျှံပစ္စည်းများ၊ သက်တမ်းကျော်လွန်နေသည့် ပစ္စည်းအမျိုးအမည်များကို စနစ်တကျထားရှိပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဌာနတို့၏ ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိရာ ပစ္စည်းစီမံရေးဌာနဝင်းများသို့ သွားရောက်၍ လျှပ်စစ်/ စက်မှု/ မြို့ပြဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး (ဝဲပုံ) လုပ်ငန်းတွင် ပြန်လည်အသုံးပြု၍မရသောပစ္စည်းများ၊ ဆယ်တင်အသုံးပြုနိုင်သော ပစ္စည်းများ၊ အသုံးမလို ပိုလျှံပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ နှစ်ကာလကြာ အထုတ်/အသွင်း မရှိသော စီမံကိန်းလက်ကျန်ပစ္စည်းများ၊ Dead Item ပစ္စည်းများမှာ ကာလကြာမြင့်သော နှစ်ဟောင်းပစ္စည်း များဖြစ်သဖြင့် စာရင်းမှ ပယ်ဖျက်/ နုတ်ပယ်၍ လေလံတင်ရောင်းချရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်၊ လက်ကျန်များစွာ ကျန်ရှိနေသည့် ပစ္စည်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်မည့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများအတွက် ထုတ်ယူသုံးစွဲနိုင်ရေး သက်ဆိုင်ရာ အင်ဂျင်နီယာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်၊ နှစ်ချုပ်လက်ကျန် မှန်ကန်မှုရှိစေရေးအတွက် ထုတ်ယူသုံးစွဲထား သောပစ္စည်းများကို ဘဏ္ဍာရေးနှစ် အလိုက်အချိန်မီစာရင်းဖြောင့် ရှင်းလင်းရန်၊ ပစ္စည်းထားသိုသည့် ဂိုဒေါင်များ လုံခြုံမှုရှိစေရေး လုံခြုံရေးကင်မရာ(CCTV)များ တပ်ဆင်ကြရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြုလုပ်ထားကြရန် မှာကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်