နေပြည်တော် မတ် ၁၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ သုတေသနအဆိုပြုလွှာများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုအားပေးကာ နိုင်ငံ့ရေရှည်အကျိုးစီးပွားဖော်ဆောင်နိုင်မည့် သုတေသနများကို ဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးသယ်ပိုးနိုင်သော လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
စံနှုန်းများနှင့်အညီ ဖွင့်လှစ်
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ လူငယ်များနှင့် ပြည်သူများ ဘဝရပ်တည်ချက်ခိုင်မာရေးအတွက် လက်တွေ့ကျကျအကျိုးပြုနိုင်မည့် သင်တန်းများကို စံနှုန်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန် မှာကြား၍ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး ဆေးပညာဆိုင်ရာ ဓာတ်ခွဲခန်းကို Biosafety Level 2 (BSL-2)အထိ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား၍ သုတေသနဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းပြည်ရေရှည်ဖွံ့ဖြိုးမှု အနာဂတ်နှင့် တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အကျိုးပြုနိုင်မည့် သုတေသနရလဒ်များကို အသုံးချနိုင်ရေးဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် အစိုးရနည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်) သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ရန် မှာကြားပြီး ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဌာနအသီးသီးရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်