နေပြည်တော် မတ် ၁၇
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်၊ မူးခွအုပ်စု၊ မူးခွကျေးရွာနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ခါးတောက်ရင်းအုပ်စု၊ ကံရိုးကျေးရွာကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ပြုလုပ်ရာ ကန့်ဘလူမြို့နယ်မှ ဆရာတော် ဦးဝါသဝ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ကန့်ဘလူခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ဖွင့်လှစ်ကြသည်။
အဆိုပါ တံတားကြီးသည် တံတားအရှည် (၆၅၀) ပေ၊ အရှေ့ဘက်ချဉ်းကပ်လမ်း (၁၁၅၀) ပေ၊ အနောက်ဘက်ချဉ်းကပ်လမ်း (၂၀၀) ပေ၊ တံတားအခန်း အရေအတွက် (၅၄) ခန်း တစ်ခန်းလျှင် (၁၂) ပေ၊ ယာဉ်သွားလမ်းအကျယ်ပေ (၁၂) ပေ ခွဲရှိသောသစ်သားတံတားအမျိုးအစားဖြစ်ပြီး တံတားအမြင့်ပေ ရေပြင်မှ ကြမ်းခင်းအထက် (၁၀) ပေခန့်ရှိကြောင်း သိရှိရသည်။ ထိုသို့ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတားဖွင့်လှစ်ခဲ့ခြင်းကြောင့် ဒေသအတွင်း ကုန်စည်စီးဆင်းမှုနှင့် သွားလာရေးလွယ်ကူလျင်မြန်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ အဆိုပါ တံတားဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။