နေပြည်တော် မတ် ၁၆
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရှိဝန်ထမ်းအိမ်ရာများ၌ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်မှု ရှိ/မရှိ၊ တရားမဝင်သူများ နေထိုင်မှုရှိ/မရှိ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် နံနက် ၉ နာရီခွဲတွင် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ပြီး အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူဝန်ထမ်း များနှင့်တွေ့ဆုံ၍ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေး ပုံမှန်ပြုလုပ်သွားရန်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများအတိုင်း တိကျစွာလိုက်နာနေထိုင်ရန်၊ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရန်၊ အိမ်ရာများတွင် မသက်ဆိုင်သူများလာရောက် နေထိုင်ခြင်းမရှိစေရန်၊ ဧည့်သည်လာရောက်တည်းခိုပါက ဧည့်စာရင်းအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံ မပျက်မကွက်တိုင်ကြားရန်၊ ဝန်ထမ်း အိမ်ရာနေထိုင်မှုတွင် လိုအပ်ချက်နှင့် အခက်အခဲများရှိပါက အိမ်ရာကြီးကြပ်သူများမှတစ်ဆင့် တင်ပြဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ရာများအနီး၌ ရာသီသီးနှံပင်များ စိုက်ပျိုးထားမှုများကို ကြည့်ရှုစစ်ဆေး၍ ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ မီးဖိုချောင်စရိတ်သက်သာခြင်းနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသည့် သီးနှံများဖြစ်၍ ယခုထက် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်နှင့် ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ် စွာနေထိုင်ကြရန် မှာကြားသည်။
ထို့နောက် အိမ်ရာအလိုက်ဝန်ထမ်းမိသားစုများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ ရေ၊ မီးရရှိမှု၊ အခန်းအလိုက် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် မိသားစုများ၏ ကျန်းမာရေးအခြေအနေတို့ကို မေးမြန်း ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်