Skip to main content

မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၁၆

မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီအဖွဲ့ဝင်များ၊ ဝါလုပ်ငန်းရှင်များ၊ မန္တလေးစက်မှုဇုန်နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက “ဆီထွက်သီးနှံ၊ စက်မှုသီးနှံနှင့် နို့ထွက်ပစ္စည်းတိုးချဲ့ထုတ်လုပ်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် “ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ တို့တွင် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်မှာကြားခဲ့သည့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး လက်ရှိအချိန်တွင် ပြည်တွင်း၌ ဝါစိုက်ပျိုးထွက်ရှိမှု သည် တစ်မျိုးသားလုံး လိုအပ်ချက်အပေါ် ပြည့်မီ လုံလောက်စွာ စိုက်ပျိုးထွက်ရှိသော်လည်း ထွက်ရှိ သည့် ဝါကုန်ကြမ်းများကို အကုန်အစင်ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဝါကြိတ်စက် (Double Roller Gin) အရေအတွက် လုံလောက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ဝါကြိတ်စက်(Double Roller Gin)များကို ပြည်ပမှ မှာယူတင်သွင်းမည့်အစား ပြည်တွင်းရှိ စက်မှုဇုန်များ၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှင် ပြည်တွင်းစက်မှုဇုန်များတွင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်သည့်အပြင် ဝါကြိတ်စက်ထုတ်လုပ်ရောင်းချနိုင်သည့် နည်းပညာတစ်ရပ်ကိုလည်းရရှိမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း။

ထို့အတူ ကြိတ်ခွဲရရှိလာသည့် ဝါဂွမ်းများကိုလည်း ချည်မျှင်ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခု အချိန်တွင် ပြည်တွင်းချည်မျှင်ထုတ်လုပ်နိုင်မှုသည် တစ်မျိုးသားလုံးလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသဖြင့် ချည်မျှင်ထုတ်လုပ်သည့်စက်ရုံ များထပ်မံတိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထပ်မံတည်ဆောက်သည့် ချည်မျှင်စက်ရုံများမှ ထုတ်လုပ်သည့် ချည်အမျိုးမျိုး ကို ပြည်တွင်း MSME လုပ်ငန်းရှင်များအား ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် ပြည်တွင်း၌ပင် လွယ်ကူလျင်မြန်ချောမွေ့စွာ မှာယူသုံးစွဲနိုင်သည့်အတွက် အချိန်ကုန်သက်သာခြင်း၊ ငွေကြေးကုန်ကျမှု ပိုမိုသက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်ကြောင်း။

ချည်ထုတ်လုပ်ရေး တိုးမြှင့်ဆောင်ရွက်ပြီးလျှင် ပိတ်ထုတ်လုပ်ရေးကိုလည်း ထပ်မံတိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် စက်ကိရိယာများ တိုးချဲ့တပ်ဆင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ချည်ထုတ်လုပ်ရာတွင် လူသုံးများသည့် ၁/၄၀ ချည်များ အဓိကထား၍ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ၁/၄၀ ချည်ထုတ်လုပ်နိုင်သည့် (က)အဆင့် ဝါကုန်ကြမ်းများထွက်ရှိအောင် ဝါမျိုးကောင်းမျိုးသန့်များဖြင့် ဦးစားပေးစိုက်ပျိုး နိုင်ရေး ဝါစိုက်တောင်သူများအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တွန်းအားပေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

ဝါစိုက်တောင်သူများအနေဖြင့် ဝါမျိုးကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ခြင်း၊ ပြည်တွင်းစက်မှုဇုန်လုပ်ငန်းရှင်များကလည်း လိုအပ်သည့် စက်ပစ္စည်းများကို တီထွင်ကြံဆ၍ ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ ချည်မျှင်နှင့် အထည်စက်များကို ထပ်မံတိုးချဲ့ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဝါစိုက်ဧက နှစ်သိန်းစိုက်ပျိုးနိုင်အောင် ရည်မှန်းချက်ထားဆောင်ရွက်နေမှု၊ တောင်သူများအတွက်လိုအပ်သော ဝါမျိုးကောင်းမျိုးသန့်များ အခမဲ့ဖြန့်ဖြူးပေးနေမှု၊ ပြည်တွင်း၌ ဝါကြိတ်စက်များထုတ်လုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝါလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ချေးငွေရရှိရေးကိစ္စရပ်များကိုတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများကို အသိပညာနှင့် နည်းပညာများဖြန့်ဝေပေးရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်သူများအလုပ်အကိုင်ရရှိရေး၊ စားဝတ်နေရေးကိစ္စရပ်များ ဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန် အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက် သွားရန်၊ မန္တလေးစက်မှုဇုန်တွင် အတွေ့အကြုံရှိ ကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ များစွာရှိ၍ တစ်နိုင်တစ်ပိုင် ဝါကြိတ်စက်များ ထုတ်လုပ်ရေးဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ဥက္ကာလွင်ဝါစေ့ဆီ ထုတ်လုပ်သည့်စက်ရုံ၊ စိုးလွင်စက်မှုလုပ်ငန်း၊ သီဟအောင်ဝါစေ့ဆီ ထုတ်လုပ်သည့်စက်ရုံ၊ AKT ဝါစေ့ဆီ ထုတ်လုပ်သည့်စက်ရုံ၊ ရွှေခေတ်ဝါကြိတ်စက်ရုံနှင့် CYT ချည်မျှင်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်