Skip to main content

ဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ် (၆၄) နှင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် မတ် ၁၆

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်ဝသော ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သော ဧည့်လမ်းညွှန်သင်တန်းအမှတ်စဉ် (၆၄) နှင့် ဧည့်လမ်းညွှန် မွမ်းမံသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ အမျိုးသားစီမံ ခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

စွမ်းရည်များ ပြည့်စုံနေရမည်

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက အရည်အသွေးပြည့်ဝသော ဧည့်လမ်းညွှန်ကောင်းတစ်ဦး ဖြစ်စေရန်အတွက် ဘာသာစကားကျွမ်းကျင်မှုသာမက ဗဟုသုတကြွယ်ဝမှု၊ စိတ်ရှည်သည်းခံမှု၊ ခရီးသွားအဖွဲ့ကို ဦးဆောင်နိုင်မှု၊ ခရီးစဉ်အတွင်းအရေးပေါ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ အခြေအနေတိုင်းကို လိုက်လျောညီထွေနေနိုင်မှု၊ ပေါင်းသင်းဆက်ဆံရေးပြေပြစ်မှု၊ အကောင်းမြင်စိတ်ရှိမှု စသည့် စွမ်းရည်များပါ ပြည့်စုံနေကြရမည်ဖြစ်ကြောင်း။

ဧည့်ဝတ်ပျူငှာစွာဖြင့် နိုင်ငံ့ပုံရိပ်ကိုမြှင့်တင်ကြရန်နှင့် ခရီးသွားဧည့်သည်များအတွက် လည်ပတ်ရန်ကောင်းမွန်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတက်ရောက် အောင်မြင်ခဲ့ကြသော သင်တန်းသားသင်တန်းသူများကို သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ချီးမြှင့် သည်။

ဧည့်လမ်းညွှန် သင်တန်း အမှတ်စဉ် (၆၄) ကို သုံးလအကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသားသင်တန်းသူ ၂၂ ဦး တက် ရောက်ခဲ့ကြကြောင်းနှင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ် (၁၁) သင်တန်းကို ရက်သတ္တနှစ်ပတ်အကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသားသင်တန်းသူ ၁၃ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းများ ဖွင့်လှစ်သင်ကြား

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) The Establishment of Bakery & Pastry Training Project အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသော မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်သင်ကြားနေမှု၊ ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်