နေပြည်တော် မတ် ၁၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းသားများနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဌာနများတွင် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ MSMEs များ၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးရန်တို့အတွက် ခေတ်မီနည်းပညာများ စနစ်တကျအသုံးချနိုင်ပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင်များကိုလိုအပ်သဖြင့် ဤကောလိပ်တွင် စွမ်းရည်မြှင့်တင် ရေးသင်တန်းများကိုဖွင့်လှစ်ကာ မြေတောင်မြှောက် ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ သင်တန်းသားဦးရေ ၉၅၃၉ ဦးအထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
လိုအပ်ချက်များဖြည့်ဆည်းပေး
ယင်းနောက် ဒုတိယဝန်ကြီးသည် အဆိုပါကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်တန်းသားများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် လက်ဖက်ရည်ဝိုင်းတွင် သင်တန်းသားများကို တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများတွင် သင်တန်းသားများ စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ကြားနေကြသည်များကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းများမှ လေ့လာသိရှိခဲ့သည်များကို လုပ်ငန်းခွင်များတွင် အကျိုးရှိရှိအသုံးချကာ ဆင့်ပွားမျှဝေပေးရန်၊ ပြည်သူများ၏အကျိုးစီးပွားအတွက် မိမိတို့၏နည်းပညာစွမ်းရည်များဖြင့် အလုပ်အကျွေးပြုနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆန်းစစ်မွမ်းမံသွားရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
နည်းပညာ ဖြန့်ဝေပေးနိုင်ရေး
ယင်းနောက် ဒုတိယဝန်ကြီးသည် EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးကာ ဖွံ့ဖြိုးပြောင်းလဲမှု မြန်ဆန်လျက် ရှိသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါကာ လေ့ကျင့်သင်ကြားပေးနိုင်ရေးနှင့် EV သုံးစွဲသူ ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် EV နည်းပညာများကို ထိရောက်ပီပြင်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်