မန္တလေး မတ် ၁၆
ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မဉ္ဇူသကဆောင်၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သဘာပတိအဖြစ် ဆောင်ရွက်ကြမည့် စာပေနှင့်အနုပညာ နယ်ပယ်အသီးသီးမှ ပညာရှင်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် ဒုတိယဝန်ကြီးက ယနေ့ကျင်းပသည့် ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲတွင် အနုပညာရပ်ဆိုင်ရာ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်စာတမ်းများသာမက စာပေပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများ အပါအဝင်သုတေသနစာတမ်းခြောက်စောင် ဖတ်ကြားသွားမည်ဟု သိရှိရပါကြောင်း၊ တက္ကသိုလ်၏ အသက်သည် သုတေသန(Research)ဖြစ်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရန် သုတေသနလုပ်ငန်းများကို အမြဲလုပ်ဆောင်ရန်လိုကြောင်း၊ သုတေသနပြုပြီးသည့်အခါတွင်လည်း လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန် များစွာလိုအပ်ပါကြောင်း။
ယနေ့ခေတ်ကာလတွင် နိုင်ငံတကာယဉ်ကျေးမှုများ နယ်နိမိတ်အတားအဆီးမရှိ စီးဆင်းပျံ့နှံ့လျက်ရှိကြောင်း၊ မတူညီသည့် ယဉ်ကျေးမှုများအပေါ် နားလည်လက်ခံကြရမည် ဖြစ်သကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများအပေါ် အခြားယဉ်ကျေးမှုများ လွှမ်းမိုးမသွားစေရန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုများ ထာဝစဉ်တည်တံ့နေစေရန်၊ မျိုးဆက်သစ်များထံလက်ဆင့်ကမ်း အမွေပေးနိုင်ရန် လွန်စွာအရေးကြီးပါကြောင်း၊ နိုင်ငံတကာတွင်လည်း မြန်မာ့ယဉ်ကျေးမှုကို ပြသနိုင်ရန်နှင့် ပြန့်ပွားအောင်ဆောင်ရွက်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ (မြန်မာစာ) နည်းပြဒေါ်အိကူးက “မင်းလူ၏ ရင်ထဲကဆောင်းရာသီ ဝတ္ထုရှည်မှဇာတ်ဆောင်စရိုက်ဖန်တီးပုံ” စာတမ်း၊ (ဂီတ)နည်းပြ ဦးမင်းမင်း မြတ်က “အလှူတော်မင်္ဂလာ ဆိုင်းတီးချက်၊ တီးလက်များ” စာတမ်း၊ (သဘင်) လက်ထောက်ကထိက ဒေါ်မြင့်မြင့်အေးက “မြန်မာ့ဇာတ်သဘင်နှင့် တမ်းချင်း၊ ညည်းချင်း ကဗျာတို့၏ ဆက်နွှယ်မှု လေ့လာချက်” စာတမ်း၊ (ပန်းချီ) နည်းပြဒေါ်မြင့်မြင့်ဝင်းက “မြန်မာမှုလက်ရာများတွင် တွေ့ရှိရသော နတ်ဝတ်အဆင်တန်ဆာများလေ့လာခြင်း” စာတမ်း၊ (ပန်းပု) ကထိကဒေါ်မြတ်သီရိအောင်က “သဘာဝနှင့် အနုပညာဆက်နွှယ်မှုအား ပန်းပုပညာရှုထောင့်မှ လေ့လာခြင်း”စာတမ်း၊ (ရုပ်ရှင်နှင့်ပြဇာတ်) နည်းပြ ဒေါ်ဇင်သူမောင်မောင်က “ရုပ်ရှင်ဇာတ်ကားများ တည်းဖြတ်ရာတွင် 3ds Max နည်းပညာ၏ အရေးပါပုံကိုလေ့လာခြင်း” စာတမ်းတို့ကိုဖတ်ကြားကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မဉ္ဇူသကဆောင်ရှိ ပန်းချီ၊ ပန်းပုပြခန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်