နေပြည်တော် မတ် ၁၆
ရှမ်းပြည်နယ်မှ (အရှေ့ပိုင်း) မှ ဂေါပကအဖွဲ့အုပ်ချုပ်သူ နှစ်ဦး၊ အဖွဲ့ဝင် ၂၆ ဦး စုစုပေါင်း ၂၈ဦးတို့ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိ ယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ရှင်းလင်းဖြေကြား
ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ယင်းနောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြ ရာတာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။
လေ့လာကြည့်ရှု
ယင်းနောက် ဘုရားဖူးလာဂေါပကအဖွဲဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပကအဖွဲ့သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။
ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းတည် ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်းကျင်းပခဲ့သည့် မဟာမင်္ဂလာ အခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီးတည်ထား ပူဇော်မှုမှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်