Skip to main content

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၆

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်း မပြုမီ ဆရာဆရာမများက ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။

ယခုနှစ်တွင် ဘောဂဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာနခြောက်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၈ ခု စာစစ်ဌာန စုစုပေါင်း ၈၃၄ ခု ဖွင့်လှစ်ဖြေဆို ခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်း ပေးသွင်းသူဦးရေ စုစုပေါင်း ၉၈၀၄၁ ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၈၃၅၁၀ ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ဇီဝ ဗေဒဘာသာရပ်အား နိုင်ငံခြား စာစစ်ဌာနခြောက်ခုနှင့် ပြည်တွင်း၌စာစစ်ဌာန ၇၆၂ ခု စာစစ်ဌာန စုစုပေါင်း ၇၆၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၈၄၈၂ ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၄၅၁၂၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၃ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသားကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး မုန့်နှင့်အအေးဘူးများ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်