နေပြည်တော် မတ် ၁၆
ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုအဖြစ် ဆေးကုသခြင်းကို ယနေ့တွင် နေပြည်တော်အမျိုး သားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး လာရောက်ပြသသည့်လူနာများကို တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှပေးသည်။
အဆိုပါ ဆေးကုသခြင်းအစီအစဉ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်၍ ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှဆေးရုံအုပ်ကြီး ဒေါ်မူမူချိုပါဝင်သော ဆေးကုသရေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) နှင့် နေပြည်တော်တိုင်းရင်းဆေးဆရာအသင်းတို့မှ တိုင်းရင်းဆေးသမားတော်ကြီးများက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာရောဂါများ၊ ထုံနာကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ ပါးရွဲ့ ရောဂါများ၊ အာရုံကြောအားနည်း ရောဂါများ၊ မီးယပ်ရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ကလေးသူငယ်နာရောဂါများနှင့် အဖျားရောဂါလူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ ၂၅၀ ကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေးကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ ပြည်သူ့ဆေးရုံကြီး သို့ရောက်ရှိပြီး အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ခွဲစိတ်ကုသဆောင်၊ အရိုးကုသဆောင်၊ ဓာတ်ခွဲဌာန၊ ဆေးသိုလှောင်ခန်း၊ သားဖွားမီးယပ်ကုသဆောင်၊ ကလေးကုသဆောင်၊ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဌာန၊ အထွေထွေဆေးကုသဆောင်တို့သို့ လှည့်လည်ကြည့်ရှု၍ လူနာနှင့်လူနာစောင့်များကို တွေ့ဆုံအားပေးစကားပြောကြားပြီး အာဟာရစားသောက်ဖွယ်ရာများ ထောက်ပံ့ကာ ဆေးကုသဆောင်အလိုက် လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းနှင့်တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်ပံ့ပိုးမှုနှင့်အညီ ကုသရေးလုပ်ငန်းများတိုးတက်အောင် အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ရန်ပုံငွေဖြင့် လူနာများအတွက် အခြေခံလိုအပ်သောဆေးဝါးများ၊ အရေးကြီးလိုအပ်သောဆေးဝါးများရရှိနိုင်စေရေး ထောက်ပံ့ပေးခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုများ၊ ဓာတ်မှန်လုပ်ငန်းများ တိုးတက်ဆောင်ရွက်ပေးနိုင် ရေးလိုအပ်သည်များ ပံ့ပိုးစီစဉ်ပေးထားပါကြောင်းမှာကြားပြီး တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စားသောက်ဖွယ်ရာများထောက်ပံ့
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ သွားနှင့်ခံတွင်းပြင်ပ လူနာဌာန၊ ကလေးကုသဆောင်၊ သားဖွားမီးယပ် ကုသဆောင်၊ အထွေထွေ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဆေးပေးခန်းနှင့် ဆေးသိုလှောင်ခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး လူနာများကိုတွေ့ဆုံအားပေးခြင်း၊ အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပြီးအစည်းအဝေးခန်းတွင် ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်း များ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်