နေပြည်တော် မတ် ၁၆
(၇၉) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဖွင့်ပွဲနေရာ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်အချိုးညီညီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်ထွက်ကုန်များနှင့် အခြား ကုန်စည်များကိုစျေးကွက်သို့ တစ်နှစ်ပတ်လုံးသယ်ပို့ရောင်းချနိုင်ရန်အတွက် ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့် လမ်းများလိုအပ်ပါကြောင်း၊ ယခု ဖွင့်လှစ်သည့်ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးနိုင်မှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ပတ်ဝန်း ကျင်ကျေးရွာ ၁၇ ရွာမှ အိမ်ခြေ ၂၇၈၃ အိမ်၊ လူဦးရေ ၁၄၅၈၃ ဦးတို့ကို တိုက်ရိုက်အကျိုးခံစားမှုရရှိသည့် အပြင်ကျေးရွာများ၏ စိုက်ပျိုးမြေ ဧက ၉၀၀၀ ကျော် ကိုအကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဆောင်ရွက်ပြီးလမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားကြည့်ရှုစစ်ဆေးသည်။
မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် ပေ ၅၂၈၀၊ လမ်းအကျယ် ၁၆ ပေရှိကာ ယခင်က ကျောက်လမ်းအဆင့်ဖြစ်ပြီး ယခု ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၅၃ ဒသမ ၁၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန်တန် ၂၀ ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ဒေသခံပြည်သူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာသို့ရောက်ရှိရာ ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ၊ စိတ်တူကိုယ်တူဆန္ဒတူသူများကိုစုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေး နိုင်ရေးထွက်ရှိလာသောသီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာတောင်သူများကလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဲမွန်ခေတ်မီစံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ရန်ပုံငွေမှ အစုအဖွဲ့စနစ်ဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ကျေးရွာ ICT စင်တာ ဖွင့်လှစ်ထားရှိမှုနှင့် ရေသန့်စင်စနစ် ဆောင်ရွက်ထားရှိမှု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှု၊ ကျေးရွာတွင်းလမ်း များ ကွန်ကရစ်ခင်းခြင်းနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်